Jordan Peele ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး Us ဟာဒီနှစ်ရဲ့ အကောင်းဆုံးကားတစ်ကားစာရင်းဝင်ခဲ့ပါပြီ။ ရုပ်ရှင်ကောင်းတစ်ကားရဲ့ ရှိသင့်တာတွေ အကုန်လုံးနီးပါးရှိနေတဲ့အတွက်ကြောင့်ပါ။ ပထမဆုံး ပြောပြချင်တာ Music ပါ။ အစအဆုံး သုံးသွားတဲ့ တီးလုံးတွေ အရမ်းကိုကောင်းပါတယ်။ Cinematography လည်း အရမ်းကောင်းပါတယ်။ အရမ်းထူးခြားဆန်းပြားတဲ့အကွက်တွေ သုံးပြီး ချာချာလည်အောင်လုပ်ထားတာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ အထာကျကျ ပြသွားတာ ကြည့်ရင်းနဲ့ ကြည်ညိုနေမိအောင်ပါပဲ။ သရုပ်ဆောင်ပိုင်းမှာလည်း အကောင်းဆုံးက Lupita ပေါ့။ နှစ်ကိုယ်ခွဲကားတွေ ကြည့်ဖူးကြတာပဲ။ အဲနှစ်ကိုယ်ခွဲတွေက စရိုက်မတူရင်တောင် အများကြီးမကွဲပါဘူး။ ဒီမှာက ကိုယ်က ကြောက်တတ်တဲ့ ဘာမှမသိတဲ့သူ၊ နောက်တစ်ယောက်က ရက်စက်ပြီး နာကြည်းမှုအပြည့်နဲ့ psycho ပုံစံတစ်ယောက်။ အဲဒါကိုမှ Adelaide က ကြောက်တတ်တဲ့ trauma ဖြစ်နေတဲ့ မိန်းမသားတစ်ယောက်ကနေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပြီး သားသမီးအတွက် ဘာမဆိုလုပ်မဲ့ ဘာကိုမှမကြောက်မဲ့ ရုပ်မျိုးထွက်လာတာလည်း လန်ထွက်နေပါတယ်။
ဇာတ်လမ်းဇာတ်ညွှန်းကတော့ ဖြည်းဖြည်းပြောကြည့်ရအောင်။ တစ်ခုရှိတာက JP ရိုက်တဲ့ ၂ ကားလုံးဟာ သာမန် mainstream horror ကားတွေလို အပေါ်ယံလောက်နဲ့ ပြီးသွားတဲ့ ဇာတ်လမ်းတွေမဟုတ်ကြပါဘူး။ ပထမကား Get Out တုန်းက လူဖြူလူမည်း အသားရောင်ကွဲပြားမှုအပေါ်မှာ ပညာသားပါပါ ရေးသားထားတယ်။ အင်တာဗျူးတစ်ခုမှာ JP ပြောသလိုပါ။ Get Out ကိုကြည့်ရင် black people က တစ်မျိုးတွေးမယ်၊ white people က တစ်မျိုးတွေးမယ်။ ဒါပေမဲ့ ဒီလို racism ပေါ်အခြေခံတည်ဆောက်ထားတဲ့ ဇာတ်လမ်းမျိုးက ကျွန်တော်တို့နဲ့ အရမ်းကြီး နားမလည်ပေးနိုင်ဘူးလို့ထင်တယ်။ ဘာလို့ဆို ကိုယ်တွေနဲ့ အဲကိစ္စတွေက အလှမ်းဝေးနေတာကိုး။ ဒါပေမဲ့ Get Out အကြောင်းဖတ်လေ၊ video တွေလိုက်ကြည့်လေ JP ရဲ့ အရေးအသားနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေက လေးစားရင်းလေးစားမိအောင်ဖြစ်ခဲ့ပါတယ်။
အခု Us မှာလည်း ဒီလိုပါပဲ။ Urban myth တွေ၊ USA ရဲ့ သမိုင်းကြောင်းက နာကြည်းစရာဖြစ်ရပ်မျိုးတွေကို အခြေခံပြီး တည်ဆောက်ထားလို့ သူတု့ိတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ ရာနှုန်းပြည့် ခံစားနိုင်မှ ခံစားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲလိုပြောလိုက်လို့လည်း တစ်ကားလုံး ဘာမှနားမလည်ဘဲ ပေါ့ပျက်ပျက်ကြီးလို့ မထင်လိုက်ပါနဲ့။ တစ်ကားလုံးက twist တွေက ပရိတ်သတ်ကို နောက်ဆုံးအချိန်အထိ သယ်ဆောင်သွားပေးနိုင်ခဲ့တယ်။ ဇာတ်လမ်းပြီးပြီလို့ ထင်တဲ့အချိန်မှာမှ အချိန်ပိုမှာ ဂိုးသွင်းသလို နောက် twist ထပ်ထည့်သွားသေးသဗျ။ ကြည့်ပြီးသွားတဲ့အချိန်မှာလည်း ရုပ်ရှင်ရဲ့ လျှို့ဝှက်ချက်တွေ၊ easter egg တွေ လိုက်ရှာရ၊ တွေးရနဲ့ တော်တော်အချိန်ကုန်ခဲ့သေးတယ်။
ဇာတ်ညွှန်းကလည်း Get Out နဲ့ Oscar ရထားသူပီပီ အခုထိ skill ပြနေတုန်းပါ။ Family တစ်ခုအဖြစ် ပုံဖော်ထားတာ တော်တော်သဘာဝကျတယ်။ မှောင်နေတုန်း ကိုယ့်သားကိုယ်မြင်ပြီး လန့်သွားတာမျိုး။ JP ကိုယ်တိုင်က ဟာသလူရွှင်တော်လည်းဖြစ်တဲ့အတွက် ဟာသတွေလည်း တော်တော်လေးပါပါတယ်။ ဒါပေမဲ့ ဟာသတွေ၊ ကြောက်စရာအခန်းတွေက Horror ကားကြီးရယ်၊ ဟာသကားကြီးရယ်လို့ ဖြစ်မသွားစေဘဲ တော်တော်မျှမျှတတရှိတယ်။ ကြောက်စရာကောင်းတဲ့ကားလို့ပြောရအောင်လည်း ဖင်တုန်အောင်ကြောက်ရတာမဟုတ်ဘူး၊ တွေးရင်းနဲ့ creepy ဖြစ်တဲ့ဇာတ်လမ်းမျိုး။ အဲဒီ tethered တွေအကြောင်းတွေးရင်းနဲ့လည်း ကျောချမ်းလာရတာမျိုး။
Us ရုပ်ရှင်ဟာ သာမန် Horror ကားတွေလို ပေါ့ပေါ့ပါးပါးကြည့်ပြီး ပြီးသွားမဲ့ ကားတစ်ကားမဟုတ်ပါဘူး။ အစကတည်းက အာရုံစူးစိုက်ပြီးသေချာလိုက်ကြည့်ရင်တောင်မပြီးဘဲ ၂ ခေါက် ၃ ခေါက်ကြည့်ရင်းမှ ပိုနားလည်ပိုမြင်လာရမဲ့ ကားမျိုးပါ။ JP made sure of that။ ဆိုတော့ အချိန်လေးရလို့ အပျင်းပြေကြည့်တာမျိုးဝင်ကြည့်မယ်ဆိုရင်တော့ အရသာအပြည့်ရနိုင်မှာမဟုတ်သလို သဘောကျချင်မှလည်း ကျပါမယ်။ ဒါပေမဲ့ ရုပ်ရှင်ကားကောင်းမှ အေးဆေးအချိန်ပေးကြည့်ချင်သူတွေအတွက်တော့ လုံးဝသဘောကျစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။