8.4
102,288
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Capernaum (2018)

Drama

Credits 200

ဒီရုပ်ရှင်ကားကို ပထမဆုံး ကြားဖူးတော့ မိဘကို တရားစွဲတဲ့ ကောင်လေးတယောက်ရဲ့ အကြောင်းဆိုတာပဲသိတယ်။ ဇာတ်လမ်းကို သိပ်မသိပေမဲ့ အော်စကာ ဆန်ကာတင်ဆိုတော့ ကောင်းတော့ကောင်းမှာပဲ၊ ကြည့်တော့ကြည့်မယ်လို့တွေးနေရာက ဒီနေ့ ဘော်ဒါကြီးတစ်ယောက်နဲ့ဆုံတော့ ကြည့်ကြည့်ပါ၊ မိုက်တယ်ဆိုတာနဲ့ ကြည့်ဖြစ်တယ်။ ဒီဇာတ်လမ်းမှာ တခြားဟာတွေအပထား ဇာတ်လိုက် ကောင်လေး အဖြစ်သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေးရဲ့ပီပြင်မှုကို မြင်ရတာနဲ့တင် ရုပ်ရှင်ဟာ ကြည့်ဖို့တန်နေပါပြီ။ Spoiler တပြုံကြီးဖြစ်နေလို့ မသိချင်ရင်တော့ ဆက်မဖတ်စေချင်ပါဘူး။ ဒါပေမဲ့ ဒီလိုဇာတ်လမ်းမျိုးတွေဟာ Spoil ခံရလည်း ကြည့်လို့ ကောင်းတာပါပဲ။ ဒီရုပ်ရှင်တစ်ကားထဲမှာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ရတဲ့ဒုက္ခ၊ အသိဉာဏ်နုံ့နဲမှုကြောင့် ဖြစ်ရတဲ့ဒုက္ခ၊ ကျားမ အခွင့်အရေး ကွာခြားမှု၊ လူ့အသိုင်းအဝိုင်းမှာ စာရင်းမဝင်တဲ့ ပျောက်ဆုံးနေတဲ့လူတွေရဲ့ဘဝ။ အဲဒီအခြေအနေဆိုးထဲမှာ ကျင်လည်ရုန်းကန်ရတဲ့ ကလေးတစ်ယောက်ရဲ့ အဖြစ်အပျက်အားလုံးကို တပေါင်းတည်း တွေ့ကြရမှာပါ။ လက်ဘနွန်နိုင်ငံမှာ လာရောက်ခိုလှုံနေတဲ့ ဆီးရီးယန်း ဆင်းရဲသား မိသားစုမှာ Zain ဆိုတဲ့ ကောင်လေးတယောက်ရှိတယ်။ သူ့အသက်က ၁၂ ၁၃ လောက်ရှိပြီ။ ဒါပေမဲ့ အာဟာရမပြည့်စုံမှု ကြောင့် ရှိသင့်တဲ့ ကြီးထွားမှုနှုန်းမရှိဘဲ ညှပ်နေတဲ့ ပိန်ညှပ်ညှပ်ကောင်လေးတစ်ယောက်ပေါ့။ အဖေက သွတ်ချာပါဒလိုက်နေပြီး အလုပ်မလုပ်ဘူး။ အမေကလည်း ကြုံရာကျပန်းလုပ်။ Birth Control ကိုလည်း နားမလည်တာတကြောင်း၊ ဘာသာရေး ရှေးရိုးယုံကြည်မှုကြောင့် တစ်ကြောင်း တားဆီးဖို့ မလုပ်။ ဆိုတော့ ဆင်းရဲရတဲ့ကြားထဲ ကလေးတွေကအများကြီးဖြစ်နေတယ်။ တစ်အိမ်လုံးမှာ ကလေးတွေနဲ့ ပြည့်နေပြီး စားလည်းဒီမှာ အိပ်လည်းဒီမှာ ဆိုတော့ ပရိုက်ဗေစီဆိုတာ သူတို့ကိုသွားပြောရင် စားစရာလားလို့ ပြန်မေးချင်မေးကြမယ်ထင်တယ်။ သူက ကျောင်းမနေရဘူး။ ရပ်ကွက် ကုန်စုံဆိုင်မှာ အလုပ်လုပ်ရတယ်။ တားမြစ်ဆေးတွေ လိမ်ဝယ်တယ်။ အဝတ်တွေမှာ ရေဖျော်စွတ်ပြီး ဆေးသမားတွေကို ရောင်းတယ်။ လမ်းဘေးဈေးမှာ ရောင်းတယ်။ လမ်းပေါ်မှာ ကြီးလာရပြီး ဘဝပေးအသိက ရင့်ကျက်တော့ လိင်နဲ့ဆိုင်တဲ့ ကိစ္စတွေကိုပါ ဒီအသက်အရွယ်မှာ နားလည်နေပြီ။ Street Smart ဆိုတာ သူမှ အစစ်။ သူဟာ သူ့ မွေးချင်း မောင်နှမတွေကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိတယ်။ မွေးထားတာကလည်း သူကလွဲလို့ အကုန်မိန်းမတွေလိုပဲ။ တစ်နေ့တော့ သူနဲ့ ဘေးချင်းကပ်အိပ်ရတဲ့ သူ့အစ်မဟာ ပထမဆုံး ဓမ္မတာလာတယ်။ ဒီအရွယ်ကလေးတွေအနေနဲ့ ဒါကို နားလည်နိုင်စွမ်းရှိမှာမဟုတ်ပေမဲ့ လမ်းပေါ်ကြီးရတဲ့ သူကတော့ ဒါကို သိတယ်။ ချက်ချင်းပဲ သူ့အစ်မ ကို အိမ်သာထဲသွင်း ဘောင်းဘီချွတ်ခိုင်းပြီး သူ့အစ်မဘောင်းဘီကို ဘေစင်မှာ သူကိုယ်တိုင်လျှော်တယ်။ သူ့အစ်မ အပျိုဖြစ်လာပြီမှန်း သူ့အမေသိရင် လင်ပေးစားပစ်မှာစိုးလို့ သူ့တတ်နိုင်သလောက် ဉာဏ်လေးရှိသလောက်နဲ့ ကာကွယ်တာ။ ဒါပေမဲ့ သူမဖြစ်စေချင်တဲ့ ကိစ္စဟာ ဖြစ်လာတာပါပဲ။ အမေက သူ့အစ်မကို သူအလုပ်လုပ်တဲ့ ကုန်စုံဆိုင်ရှင်နဲ့ပေးစားဖို့လုပ်တယ်။ ဟိုက ဘာနဲ့ လာတင်တောင်းတယ်ထင်လဲ။ ကြက်နှစ်ကောင်နဲ့။ မိန်းကလေးတယောက်ဟာ အသက်လည်း မပြည့်သေးဘူး။ သားအိမ်လည်း ကောင်းစွာမဖွံ့ဖြိုးသေးဘူး။ ကျောင်းနေပြီး စာတွေသင်ရမယ့်အရွယ်မှာ ကြက်နှစ်ကောင်နဲ့ အလဲခံလိုက်ရတယ်။ သူက ဘယ်လောက်ထိ ဒါကို ဆန့်ကျင်ချင်လဲဆို အစ်မကို ခေါ်ပြီး အိမ်က ထွက်ပြေးဖို့ပါ ကြံတာ။ ဒါပေမဲ့ သူ့အမေက သိသွားပြီး သူ့အစ်မကို ကုန်စုံဆိုင်ပိုင်ရှင် အိမ်ကို တန်းပို့လိုက်တယ်။ ဒါနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းလာတယ်။ လမ်းမှာ ကလေးကစားကွင်းမှာအလုပ်လုပ်တဲ့ အီသီယိုးပီးယန်း တရားမဝင်အလုပ်သမား မိန်းကလေး ဖြစ်တဲ့ Rahil နဲ့ ဆုံတယ်။ သူ့မှာက ကလေးတစ်ယောက်ကလည်း ရှိသေးတယ်။ ဆိုတော့ Zain ကို အိမ်ပေါ်ခေါ်တင်ထားတယ်။ တစ်ယောက်ကျွေးရပေမဲ့ ကလေးကိုကြည့်ထားပေမယ့်သူရှိတော့လည်း အဆင်ပြေတယ်မဟုတ်လား။ ဒါပေမဲ့ ဒီလိုလူမျိုးတွေရဲ့ ဘဝဆိုတာ ကြိုးတန်းလမ်းလျှောက်နေရတာနဲ့ မခြားဖြစ်တဲ့အတွက် Rahil ရဲ့ အထောက်အထားအတုတွေကလည်း သက်တမ်းကုန်ခါနီးဖြစ်လာသလို ကလေးအတွက်လည်း အထောက်အထားအတုလုပ်မပေးနိုင်ဘူး။ ဒါနဲ့ သူက အဖမ်းခံရပြီး ပြန်မလာနိုင်တော့ဘူး။ Zain နဲ့ သူ့ကလေးဟာ ယောင်လည်လည်ကျန်ခဲ့တယ်။ ကလေးအမေဖြစ်တဲ့ Rahil ဟာ ကလေးနို့မတိုက်နိုင်တော့ နို့တွေကို အိမ်သာထဲ သွားညှစ်ချရတဲ့အခန်းဟာ ကြည့်ရတာ စိတ်ထဲမကောင်းစရာ။ ကလေးရှိတဲ့ အမေတွေတော့ ပိုနားလည်နိုင်မယ်ထင်တယ်။ Zain က Rahil ကို လိုက်ရှာရင်း အထောက်အထားတုလုပ်ပေးတဲ့သူနဲ့ဆုံတယ်။ ဟိုလူက အစကတည်းက ကလေးကို လိုချင်နေတာ။ Zain က လမ်းပေါ်မှာကြီးလာရတဲ့ သူဖြစ်လို့ ဘယ်သူ့ကိုမှမယုံတာလည်း အဲမှာမြင်ရတယ်။ သူက နာမည် တော်စပ်ပုံ အမှန်မပြောဘူး။ ကလေးကိုတောင်းနေပေမဲ့ သူက မပေးဘဲ လမ်းပေါ်မှာ သူတို့နှစ်ယောက် ကျင်လည်ကြတယ်။ သူက အစကတည်းက မူးယစ်ဆေးရောင်းတဲ့အလုပ်ကို လုပ်ဖူးတာကြောင့် အဲဒါကိုပဲ ပြန်လုပ်ပြီး သူတို့နှစ်ယောက်လုံး အသက်ရှင်ရေးအတွက် ရုန်းကန်တယ်။ လမ်းပေါ်မှာ နောက်ထပ် တွေ့ရတာက သူနဲ့ သက်တူရွယ်တူ Maysoun ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူကလည်း ဒုက္ခသည်ပဲ။ သူ့ဆီကနေ စာရွက်စာတမ်းတုလုပ်ပေးတဲ့ သူက သူ့ကို တတိယနိုင်ငံကို ပို့ပေးနိုင်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတယ်။ ဆိုတော့ သူလည်း သွားချင်တယ်။ ဟိုလူကလည်း ကလေးကို ပေးရင် ပို့ပေးမယ်ဆိုတော့ ကလေးကို ပေးလိုက်ရတယ်။ ဒါပေမဲ့ သူ့မှာ ဘာစာရွက်စာတမ်းမှ မရှိတာကြောင့် စွန့်ခွာခဲ့တဲ့အိမ်ကို ပြန်သွားပြီး စာရွက်စာတမ်းတွေ တောင်းဖို့လုပ်တယ်။ အဲလိုလည်း သွားတောင်းရော သူ့မိဘတွေက ခွက်ထိုးခွက်လှန်ရယ်ကြပါလေေရော။ တရားမဝင်နေပါတယ်ဆိုမှ ဘာရှိမှာလဲပေါ့။ အဲဒီအချိန် သူ့အစ်မဟာ ဆေးရုံရောက်နေပြီ။ ကလေးသာသာအရွယ်နဲ့ အိမ်ထောင်မှုပြုရပြီး ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်ရတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီး ဆေးရုံရောက်နေရတာ။ ပိုဆိုးတာက စာရွက်စာတမ်းမရှိတာကြောင့် ဆေးကုသရေးမှာ ကြန့်ကြာသွားတော့ ဆေးရုံမှာတင် ဆုံးသွားရတယ်။ သူက အဲဒါကိုလည်း သိရော ဒေါသဖြစ်ပြီး ကုန်စုံဆိုင်ပိုင်ရှင်ကို ဓားနဲ့ သွားထိုးသတ်တယ်။ ဒါပေမဲ့ ဟိုက မသေဘူး။ တရားရုံးရောက်သွားတယ်။ ဒီအသက်အရွယ်လေးတွေ ဓားတွေ၊ လက်နက်တွေနဲ့ လမ်းမပေါ်က ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြတာကို လူနေမှုအဆင့်အတန်းမြင့်တဲ့နေရာက လူတွေအနေနဲ့ဆို တအံ့တသြဖြစ်ကြရမှာအမှန်ပဲ။ တရားရုံးရောက်တော့ သူ့အစ်မယောက်ျားက ဒါက ဘာဆန်းလို့လဲ။ သူ့ယောက္ခမ ဆိုလည်း ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုတာပဲ သူတို့ ပတ်ဝန်းကျင် ကလူတွေအားလုံး ဒီလိုပဲလို့ ပြောတယ်။ ဒါနဲ့ သက်ငယ်ထောင်ရောက်သွားတယ်ပေါ့။ သက်ငယ်ထောင်မှာ သူ့အမေက ထောင်ဝင်စာလာတွေ့တယ်။ လာတွေ့တော့ သူ့အမေက တစ်ယောက်သေပေမဲ့ ဘုရားသခင်က နောက်တယောက်ပေးတယ်လို့ပြောတယ်။ သူက ဘာပေးတာလဲမေးတော့ သူ့အမေက သူ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီဇာတ်ဝင်ခန်းမှာ ရှိတဲ့ သားသမီးတွေကို ကောင်းကောင်းမွန်မွန် မစောင့်ရှောကနိုင်ဘဲနဲ့ နောက်တစ်ယောက်ထပ်မွေးဖို့လုပ်တဲ့ အမေကို အရမ်းအထင်သေးသွားတဲ့အကြည့်မျိုးနဲ့ သရုပ်ဆောင်မှုကတော့ တကယ်ကောင်းပဲ။ သူ့အမေရှေ့မှာတင် သူ့အမေယူလာတဲ့မုန့်ထုပ်ကို အမှိုက်ပုံးထဲပစ်ထည့်ပြီး ထထွက်သွားတာ။ တစ်နေ့တော့ သူ့အတွက် မျှော်လင့်ချက် တစ်ခုရောက်လာတယ်။ အဲဒါက ဘာလဲဆိုတော့ သူတို့ ထောင်ထဲမှာ တီဗွီကြည့်ခွင့်ရှိနေပြီး လူငယ်တွေက သူတို့ မကျေနပ်ချက်တွေကို ထုတ်ဖော်တဲ့ အစီအစဉ်တခု ပြနေတာပဲ။ အဲဒီမှာ သူက ထောင်ထဲကနေ အဲဒီအစီအစဉ်ကို ဖုန်းခေါ်ပြီး မိဘတွေဟာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ တာဝန်မယူနိုင်ရင် မမွေးစေချင်ဘူး။ သူ့မိဘတွေဆီက သူရတဲ့အချိုသာဆုံးစကားဆိုရင် ခွေးမသား အရှုပ်ထုပ်ဆိုတဲ့ စကားပဲလို့ အစီအစဉ်တင်ဆက်သူကို ပြောတယ်။ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ဘူး ဘုရားကတောင် အလိုမရှိဘူး တဲ့။ အဲသလို အစီအစဉ်မှာပါဝင်ခွင့်ရပြီးနောက် သူက သူ့မိဘတွေကို တရားစွဲဖို့ အခွင့်အရေးရသွားတယ်။ တရားသူကြီးက ဘာလို့ တရားစွဲတာလဲ မေးတော့ ကလေးတွေ ထပ်မမွေးတော့အောင်ပါတဲ့။ အခု သူ့ဗိုက်ထဲမှာ နောက်တယောက်ထပ်ရှိနေပြန်ပြီလေ ။ အဲဒီတစ်ယောက်ကလည်း ကျနော့်လိုပဲ ကြီးလာဦးမှာလို့ ပြောတယ်။ နောက်ဆုံးကတော့ Happy Ending ပါ။ Rahil လည်း သူ့ကလေးနဲ့ ပြန်ဆုံရတယ်။ ကောင်လေးလည်း မှတ်ပုံတင်ရသွားတယ်။ မှတ်ပုံတင်အတွက် ဓါတ်ပုံရိုက်တော့ သူမပြုံးနိုင်ဘူး။ ဓါတ်ပုံရိုက်တဲ့သူက ဟေ့ကောင်ပြုံး ပြုံး မင်းရိုက်နေတာ သေစာရင်းမဟုတ်ဘူး ဆိုမှ ပြုံးတော့တယ်။ ဒီတစ်ကားလုံးမှာ Zain အဖြစ်သရုပ်ဆောင်တဲ့ ဇာတ်လိုက်ချာတိတ်လေးဟာ သုံးခါပဲ ပြုံးတယ ်။ ပထမတခါက Rahil က သူ့အတွက် မွေးနေ့ကိတ်ကို ယူလာပေးတဲ့အချိန်။ သူ့အတွက် ဒါဟာ ပထမဆုံး မွေးနေ့အခမ်းအနားလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒုတိယတခါက Rahil နဲ့ ပျော်ပျော်ရွှင်ရွင်နေရတုန်းက ။ တတိယအခါကတော့ နောက်ဆုံးအခန်းမှာ သူ့အတွက် ပက်စ်ပို့ဓါတ်ပုံရိုက်တဲ့အချိန်။ ဒီရုပ်ရှင်ကို ကြိုက်ရတာက သဘာဝကျတယ်။ ကလေးတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ညီတဲ့ သရုပ်ဆောင်မှုပြကွက်တွေကိုပဲ မြင်ရတယ်။ စကားကြီးစကားကျယ်တွေ မပြောဘူး။ မျက်ရည်နဲ့ နှပ်တွေ ထွက်အောင် ငိုမပြဘူး။ လမ်းပေါ်က တကယ့်ဘဝအစစ်၊ တကယ့်မျက်နှာကို မြင်ရတယ်။ ဒီရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာ Nadine Labaki ဟာ Lebanese ရုပ်ရှင်မင်းသမီး နဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပါဝင်တဲ့ Zain Al Rafeea အပါအဝင် အကုန်လုံးဟာ သရုပ်ဆောင်တွေ မဟုတ်ကြပါဘူး။ လမ်းပေါ်ကနေ ရွေးကောက်ထားတဲ့ တကယ့် သာမန်လူ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ Zain Al Rafeea ဟာ ဆိုရင် ရုပ်ရှင်ရိုက်ကူးတဲ့အချိန်တုန်းက ဆီးရီးယန်းဒုက္ခသည်တစ်ဦးပါ။ ဒါရိုက်တာ Nadine က တကယ့်ဒုက္ခသည်တွေရဲ့ ရုန်းကန်ရမှုကို လိုချင်လို့ ဒီလိုလူတွေကိုပဲ ထည့်ရိုက်ထားတာလို့ ပြောပါတယ်။ သူက သူကိုယ်တိုင် မင်းသမီးပေမဲ့ နေရာဝင်မယူပါဘူး။ သရုပ်ဆောင်သစ်တွေရဲ့ လတ်ဆတ်တဲ့သရုပ်ဆောင်မှုကိုသာ လိုချင်တဲ့ပုံစံဖြစ်အောင် ဆွဲယူခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ၉၁ ကြိမ်မြောက် အော်စကာပေးပွဲမှာ ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဆုတော့မရပါဘူး။ ဒီနှစ်မှာ အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုရသွားတာက Roma ဖြစ်ပါတယ်။ ဒီလို အော်စကာဆုမရပေမဲ့ ၇၁ ကြိမ်မြောက် Cannes Film Festival (2018) မှာ Palme d'Or အတွက်ယှဉ်ပြိုင်ရင်း Jury Prize အပါအဝင် တစ်ခြားသောဆုပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရုပ်ရှင်ကောင်းတကားဖြစ်ဖို့ ပိုက်ဆံတွေ အများကြီးကုန်ဖို့မလို၊ Mainstrem သရုပ်ဆောင်တွေကို ခခယယ ပါဝင်ပါမည်ကြောင်း လိုက်ငှားနေစရာမလို။ သူတို့စရိတ်ကတင် ရုပ်ရှင်တစ်ကားရဲ့ ဘက်ဂျက်အတော်များများကိုယူထားတာကိုး။ ကိုယ့်ပြည်တွင်းမှာ ခံစားတတ်တဲ့သူမရှိရင် ခံစားတတ်တဲ့သူတွေရှိတဲ့နေရာကို အရောက်သွားနိုင်ဖို့သာလိုတယ်လို့ ထင်မိတယ်။ ဒီရုပ်ရှင်ကြောင့် ကလေးငယ် Zain အတွက်လည်း ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။ နော်ဝေက သူ့ကို လက်ခံလိုက်တာကြောင့် အခုဆို နော်ဝေမှာ နေထိုင်နေရပါပြီ။ ကျောင်းလည်း တက်နေရပြီဖြစ်ပါတယ်။ လမ်းပေါ်မှာ နေစရာမလိုတော့ဘူး။ ဓားတွေနဲ့လည်း မကစားတော့ပါဘူးတဲ့။ ဒါနဲ့ Capernaum ဆိုတာက Chaos လို့အဓိပ္ပာယ်ရပါတယ်တဲ့