7.9
582,726
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3.8 GB

Credit

50

Bohemian Rhapsody (2018)

Biography, Drama, Music

Credits 50

လန်ဒန်မြို့ရဲ့ အထင်ကရအသံသွင်းစတူဒီယိုတခုမှာ ပီယာနိုအကြီးကြီးတလုံးနဲ့အတူ အလုပ်ရှုပ်နေသူက Freddie Mercury ။ သူက ဒီပီယာနိုအကြီးကြီးကို သိပ်သဘောကျတာ။ Bechstein တံဆိပ် Grand Piano ကြီးပေါ်မှာ စာရွက်အတိုအပိုင်းအစလေးတွေ အများကြီးပွစာကြဲနေတယ်။ Freddie တယောက် ပီယာနိုကိုနည်းနည်းတီးလိုက်၊ သီချင်းစာသားတချို့ချရေးလိုက်ပေါ့။ ခက်တာက သူရေးနေတဲ့ သီချင်းက အပိုင်းပိုင်းပြတ်နေတာ။ အဲဒီကို control room ထဲမှာရှိတဲ့ Queen ဝိုင်းသားတွေက စိတ်ရှည်လက်ရှည်ထိုင်ကြည့်နေတာ။ ဘာမှ ဝင်မပြောဘူး။ တခုပဲသိချင်တာ သီချင်းသံစဉ်တွေက ဘာလို့အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေလဲဆိုတာကို သူတို့သိပ်သိချင်တယ်။ Freddie ကြီးရေးနေတဲ့သီချင်းနာမည်က Bohemian Rhapsody တဲ့။ သီချင်းကိုစလယ်ဆုံးဖန်တီးသူက Freddie Mercury ပါပဲ။ သူ့အတွက်ဒီသီချင်းက အရမ်းအရေးကြီးတယ်။ ဒါကြောင့် ခါတိုင်းသီချင်းရေးသလိုမဟုတ်ပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဖာသာရေးတယ်။ သူ့အတွက်အရမ်း ကိုယ်ရေးကိုယ်တာဆန်လွန်းလို့။ ဒီသီချင်းဖွဲ့စည်းပုံကိုက အတော်လေးဆန်းကျယ်တယ်။ သီချင်းက ၆ မိနစ်လောက်ရှည်ပေမယ့် သံပြိုင်အပိုဒ်မပါဘူး။ အင်ထရို၊ အချစ်သီချင်းဆန်ဆန်ဖွဲ့စည်းမှု၊ အော်ပရာ၊ အပြင်းစားရော့ခ်ပုံစံ အဲဒီဝိသေသတွေနဲ့လွှမ်းခြုံထားတယ်။ ရေးထားတာက 4/4 တိုင်မင်ပါပဲ။ ဒါပေမယ့် ကီးက ၃ ခါပြောင်းတယ်။ သီချင်းဖွဲ့စည်းပုံက ရှုပ်ထွေးနက်နဲသလို သီချင်းစာသားတွေကလဲ ပိုပြီးတောင်ရှုပ်ထွေးနက်နဲပါသေးတယ်။ ပိုဆိုးတာက Freddie ကဒီသီချင်းဟာ သူ့အတွက် အရမ်းကိုကိုယ်ရေးကိုယ်တာဆန်သမို့ ဒီသီချင်းဘာကြောင့်ရေးရတယ် စာသားတွေက ဘာကိုဆိုလိုတယ်ဆိုတာ တီးဝိုင်းကသူတွေ တချက်ကလေးမှရှင်းမပြပါဘူး။ အရမ်းကိုကိုယ်ရေးကိုယ်တာဆန်လွန်းသမို့ သေသည်အထိ အကြောင်းအရာကို ဘယ်သူ့ကိုမှ ထုတ်မပြောဖို့အချင်းချင်းကတိပေးခဲ့ကြတယ်။ ဆိုတော့ ကျွန်တော်တို့မှာ သီချင်းကိုသုံးသပ်ခံစားရင်း သီချင်းစာသားတွေကို အနီးကပ်ကြည့်ဖို့ဖြစ်လာတယ်။ ပထမအပိုဒ်ဟာ Is this the real life? Is this just fantasy? နဲ့အစချီတဲ့ပထမအပိုဒ်ဟာ Queen ဝိုင်းသားတွေ backing vocals အားဖြည့်ထားတယ်။ ဒီသီချင်းကို စတင်ဖန်တီးတုန်းက အပိုင်းပိုင်းလေးတွေပြတ်နေတာရဲ့အကြောင်းအရင်းကို ပထမအပိုဒ်စဆိုချိန်မှာ သူတို့နည်းနည်းသဘောပေါက်လာကြတယ်။ ဟာမိုနီလိုင်းတွေကို ရေးနေချိန်မှာ ကျော်ခွထားနှင့်တာကိုး။ ဒါပေမယ့် နားထောင်သူမှာတော့ သီချင်းကပေးချင်တဲ့အကြောင်းအရာက ကိုယ်ရောင်မပြနိုင်သေးဘူး။ လျှို့ဝှက်ထားတဲ့ပထမပိုဒ်ဟာ သိချင်စိတ်ကို နှိုးဆွပေးခဲ့တယ်။ Anyway the wind blows, doesn’t really matter to me, to me ဆိုတာက ဘဝရဲ့လှိုင်းလေတွေက ပြဌာန်းပါစေ။ သူ့အတွက်အရေးမကြီးတော့ပါဘူး တဲ့။ ဒုတိယအပိုဒ်ကို စကူးတာက grand piano ခန့်ခန့်ညားညားကြီးနဲ့။ နောက်မှာ ဘေ့စ်ဂစ်တာသံ။ အခန်းတခန်းထဲကို ခြေသံလုံလုံနဲ့ တလှမ်းချင်းလျှောက်လာပြီးသတင်းတခုခုကိုပြောပြတော့မယ့်အတိုင်းပဲ။ ထင်တဲ့အတိုင်းပဲ မိုးခြိမ်းတာခဏရပ်ပြီး မိုးကြိုးပစ်ချလိုက်တယ်။ သူတိုင်တည်နေတာက သူ့အမေ။ မေမေရေ သားလူတယောက်ကိုသတ်လိုက်မိပြီ။ သူ့ခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်လိုက်တာ။ အခုသူသေသွားပြီ တဲ့။ အဲလိုဖွင့်ချလိုက်တော့မှ ဒုတိယအပိုဒ်အကူးမှာ ခန့်ညားတဲ့ပီယာနိုအသံကြီးနဲ့ ဘေ့စ်ဂစ်တာသံရဲ့ တန်ဖိုးကို တခါပြန်နားလည်လာတယ်။ သတင်းတခုအရေးတကြီးပြောစရာရှိလို့ အသေအချာပျိုးနေတာကိုး။ စာသားထဲမှာမေးစရာရှိတယ်။ အသတ်ခံရသူကို သူက he လို့ပဲ မသဲမကွဲသုံးထားတယ်။ ဘယ်သူဘယ်ဝါလို့ ထုတ်မပြောသလို ဘာကြောင့်သတ်တာလဲ မပြောဘူး။ အဲဒီနောက်မှ ဆက်ပြောတာ။ Mama, life had just begun တဲ့။ ဘဝသစ်တခုစတာက ဘယ်သူ့ဘဝလဲ သတ်သူရဲ့ဘဝလား။ သေသူရဲ့ဘဝလား။ ဘာလို့ရေးကြီးခွင်ကျယ်တင်ပြထားလဲ။ အကြောင်းရှိရမယ်လေ။ လူသတ်ပြီးနောက်ပိုင်းမှာ သူဟာ အမေကိုတောင်းပန်တယ်။ အမေငိုအောင် တမင်သက်သက်လုပ်တာ မဟုတ်ရပါဘူးဆိုတာ တောင်းပန်တယ်။ ပီယာနိုအသံ၊ ဘေ့စ်ဂစ်တာသံအပြင် ဒရမ်သံနဲ့ ဂစ်တာသံပါ ပါလာပြီ။ နောက်တပုဒ်ကူးချိန်မှာ သီချင်းထဲက ဇာတ်ကောင်တွေက ရုတ်တရက်ကြည့် ရှုပ်ကုန်တယ်။ အပိုဒ်အသစ်မှာ သေသွားတဲ့ဇာတ်ကောင်နေရာကနေ ရှု့ထောင်းပြောင်းရေးထားတာကိုး။ Goodbye everybody I’ve got to go ဆိုပြီး အားလုံးကိုသူနှုတ်ဆက်တယ်။ လောကရဲ့အမှန်တရားကိုသူ ရင်ဆိုင်မလို့ သူခရီးသစ်တခုစထွက်တယ်။ သူက လူ့ဘဝကို အရမ်းစိတ်ကုန်နေသူပါ။ လူလဲပြန်မဖြစ်ချင်သမို့ I sometimes wish i’d never born at all ဆိုပြီး လူမပြန်မဖြစ်ချင်တော့တဲ့ဆုတောင်းကို ပြန်မလာတော့မယ့်ခရီးထွက်ခါနီးမှာ တောင်းခဲ့။ ပြီးတော့ ဂစ်တာဆိုလိုဝင်လာတယ်။ ဂစ်တာသံက မယ်လိုဒီကိုပြန်မတီး။ မယ်လိုဒီက ခိုင်ပြီးသားကိုး။ ဂစ်တာဆိုလိုပြီးချိန်မှာ သီချင်းက Opera ပုံစံပြောင်းသွားတယ်။ သီချင်းစာသားတွေက English ဘာသာတခုတည်းမဟုတ်တော့ပဲ အီတလီ၊ စပိန်၊ ဟီဘရူ၊ အာရပ်ဘာသာစကားနည်းနည်းစီကို ထည့်သုံးထားတယ်။ ဥပမာ – scaramouch ဆိုတာ အီတလျံရုပ်ပြောင်ဇာတ်ကောင်တခုဖြစ်ပြီး။ ပြသနာဘယ်လိုပဲတက်တက် မရရအောင် ရုန်းထွက်တတ်တဲ့ နည်းနည်းပေါတောတောလုပ်လေ့ရှိတဲ့ဇာတ်ကောင်။ အဲဒီလိုဇာတ်ကောင်ကို စပိန်အကဖြစ်တဲ့ fandango အက ကဖို့သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ တောင်းဆိုတာ။ မိုးတွေချုံး၊ မိုးကြိုးတွေပစ်တဲ့အချိန်မှာ သူ့ငယ်ဘဝလေးကို သူက သတိရနဲ့ ပြောပြတယ်။ သူငယ်ငယ်က ဆင်းရဲတာ၊ ဘယ်သူ့မှသူ့ကို ဂရုတစိုက်မရှိကြတာ။ ထူးဆန်းတာက သူသေခါနီးမှာ အမေကို တိုင်တည်တယ်။ ဒါပေမယ့် ဘုရားတတော့ Bismillah ဆိုပြီး အာရပ်စကားသုံးပြန်တယ်။ (bismillah ဆိုတာက အာရပ်လို in the name of God ကိုဆိုလိုတာပါ)။ အကောင်းစားအပိုင်းလေးကတော့ သူက လူ့ဘဝကြီးကထွက်သွားတော့မယ်ဆိုပြီး အမေကိုနှုတ်ဆက်၊ ဘော်ဒါတွေကိုသာနှုတ်ဆက်တာ။ သူ့ကိုချစ်တဲ့လူတွေက သူ့ကိုမသွားစေချင်ဘူး။ ဒီမှာ တီးဝိုင်းကလူတွေနဲ့ အပြန်အလှန် စကားဝိုင်းပုံစံမျိုးဖြစ်အောင် အပြန်အလှန်ပြောဆိုထားတယ်။ မင်းကို ငါတို့ဘဝထဲက ပေးမထွက်နိုင်ဘူး we will not let you go ဆိုပြီး သူတို့သဘောကို တန်ပြန်ပြောပြထားတယ်။ သူက စိတ်ပိုင်းဖြတ်ပြီးသား သူချစ်တဲ့အမေကို အကြိမ်ကြိမ်တိုင်တည်တယ်။ သူ့ကိုထွက်ခွာခွင့်ကိုကျေကျေနပ်နပ်ကြီးပေးလိုက်ဖို့။ Opera အပိုဒ်ပြီးတော့ သီချင်းရဲ့ဇာတ်ကောင်က လုံးဝထပ်ပြောင်းသွားပြန်တယ်။ ဒီဇာတ်ကောင်က အမေကို ခခယယတောင်းပန်နေတဲ့ သေခါနီးသားတယောက်မဟုတ်တော့ဘူး။ မိုက်တီးမိုက်ကန်းနဲ့ ပြသနာကို ပြေးတွေ့တဲ့လူ။ ထိပ်တိုက်ရင်ဆိုင်သူ။ ဒီလိုအပိုဒ်ကို Heavy ဖြစ်တဲ့ ဂစ်တာဆိုလိုနဲ့ အရင်ခင်းကျင်းလိုက်တယ်။ အဲဒီမှာ Freddie ဟာ ထိပ်တိုက်ရင်ဆိုင်တဲ့ စကားတွေစပြောတယ်။ So you think you can stone me and spit in my eye So you think you can love me and leave me to die Oh baby, can’t do this to me baby Just gotta get out just gotta get right outta here “မင်းတို့က ငါ့ကိုအရှက်တကွဲဖြစ်စေတယ်ဆိုပြီး ကျောက်တုံးတွေနဲ့ပစ်၊ တံတွေးတွေနဲ့မျက်နှာထွေး လုပ်လို့ရမယ်ထင်နေလား။ အခုမှ သေရင်သေစေဆိုပြီး မျက်နှာလွှဲခဲပစ် လုပ်လို့ရမယ်ထင်လား။ ငါ့ကို ဒီလိုလုပ်လို့မရဘူးကွ။ သွာစမ်းပါကွာ ဒီလိုလုပ်လို့မရဘူး။” ဒေါသ တကြီးနဲ့စိတ်ထဲပြောပြီး အတော်လေးကျေနပ်အားရသွားဟန်တူတယ်။ ဘဝကံက ဘယ်လိုပဲဖြစ်နေပါစေ သူ့အတွက် အရေးမကြီးတော့ပါဘူးဆိုတာကို လေသံပျော့ပျော့လေးနဲ့ ပြောပြီး အဆုံးသတ်လိုက်တယ်။ သီချင်းစာသားတွေရယ် သီချင်းဖွဲ့စည်းမှုရယ်ကနေပြီး တိုက်ရိုက်ပေးတဲ့ အဓိပယ်ကတော့ အဲဒါပါပဲ။ ဆိုတော့ မေးစရာရှိတာက သီချင်းစစချင်းမှာ လူတယောက်ကို သူသတ်လိုက်မိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲပေါ့။ ဒါတွေကို ဆက်စပ်တွေးကြည့်ဖို့ဆိုရင် သီချင်းဖန်တီးသူ Freddie Mercury ရဲ့ဘဝကို နည်းနည်းတော့ တီးခေါက်မိ၊ နားလည်မိမှ ဇာတ်ရည်လည်မှာ။ သူဟာ ရှေးရိုးဆန်တဲ့မိသားစုက ဆင်းသက်လာသူဖြစ်တယ်။ ငယ်တုန်းကဆင်းရဲတယ်။ သူဟာ အမြဲတစေရှက်တတ်၊ ကြောက်တတ်ပြီး အနုပညာဖန်တီးမှုပဲစိတ်ဝင်စားသူဖြစ်တယ်။ မိဘတွေရဲ့ သြဇာကတော့ အတော်ကြီးတယ်။ အဆိုတော်ဘဝရောက်တော့ သူ့ရည်းစားနာမည်က Mary Austin တဲ့။ သူ့ကိုတော့ Freddie က အတော်လေးချစ်တာ။ ရည်းစားတယောက်လိုရော သူ့ကိုအကောင်းအဆိုးအမြဲပြောပြတတ်သူမို့ အမေတယောက်လိုချစ်တာ။ နှစ်ဦးသားဆက်ဆံရေးက အရမ်းကောင်းပေမယ့် တနေ့တော့ Freddie ကဖွင့်ပြောပြတယ်။ သူအခြားအမျိုးသားတဦးနဲ့လဲ လိင်တူဆက်ဆံပြီး Mary ကွာရာမှာသူဖောက်ပြန်နေတာဖြစ်ကြောင်း။ မယ်ရီက စိတ်ထိခိုက်တယ်။ ဒါပေမယ့် ဖရက်ဒီကိုတော့ မောင်နှမရင်းလိုပဲ ဆက်ဆံပါတယ်။ ဂီတလောကမှာ ဆရာတဆူဖြစ်၊ စီးပွားရေးအရ လျှမ်းလျှမ်းတောက်အောင်မြင်ပေမယ့် သူ့ဘဝက ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီ။ ဒီအချိန်မှာ ဒီသီချင်းရေးတာပါ။ အချက်အလက်တွေကို အခြေခံပြီး သီချင်းကိုသေချာပိုနားလည်ဖို့ကြိုးစားကြည့်ရင် သူသတ်လိုက်တယ်ဆိုတဲ့ ဇာတ်ကောင်က သူဟာ လိင်တူဆက်ဆံသူလို့ လူတွေ မသိခင်က သူ့ရဲ့ဇာတ်ကောင်ကို သူသတ်လိုက်တာလားလို့ ထင်စရာရှိတယ်။ ဘာလို့လဲဆိုတော့ သူလူသတ်တာကို အပြစ်ပေးတာက ကျောက်တုံးတွေနဲ့ပစ်၊ တံတွေးတွေနဲ့ထွေးတာတဲ့။ ဒါက ရှေးခေတ်က မိဘဆွေမျိုးသားချင်းကို အရှက်တကွဲဖြစ်စေလို့ အပြစ်ပေးတဲ့နည်းနဲ့ဆင်နေတယ်။ ဒါတွေအကုန်လုံးက ခန့်မှန်းချက်သက်သက်ပါပဲ။ ဒီသီချင်းက ဖရက်ဒီအတွက် အရမ်းအရေးကြီးသမို့ ဒီသီချင်းအသံသွင်းတာချည်း ၃ ပတ်တိတိကြာပါတယ်။ ဟာမိုနီတွေထပ်တာကလဲ အလွှာပေါင်းမရေတွက်နိုင်။ အော်ပရာအသံတွေကိုလဲ အကြိမ်ပေါင်းများစွာပြန်ဆိုစေခဲ့တယ်။ ယုတ်စွအဆုံး တီးဝိုင်းကလူတွေ ဟာမိုနီအသံထည့်ဖို့အရေးကို တနေ့ကို ဆယ်နာရီလောက်ကြာအောင် ရူးမတတ်ကြိုးစားခဲ့ကြတယ်။ သီချင်းတပုဒ်သိပ်ကောင်းသွားရင် သီချင်းကို ဘာဂီတအမျိုးအစားလဲဆိုတာ တံဆိပ်ကပ်ဖို့ မဖြစ်နိုင်သလောက်ဖြစ်ကုန်တယ်။ ထို့အတူပဲ ဒီသီချင်းရဲ့ခမ်းနားထည်ဝါမှု၊ အနုပညာမြောက်မှုတွေက ကြီးကျယ်ခမ်းနားလွန်းအားကြီးတော့ သီချင်းရဲ့အကြောင်းအရာကို တိတိကျကျ ကျွန်တော်တို့ချစ်မြတ်နေဦးမှာ မလွဲမသွေပါဘူး။ ရှိတ်စပီးယားကြီးပြောခဲ့သလိုပေါ့ဗျာ။ နှင်းဆီပန်းကို အခြားနာမည်တခုခုနဲ့ အခုချိန်မှာအစားထိုးလိုက်လဲ နှင်းဆီပန်းရနံ့ထွက်နေဦးမှာကိုးဗျ။