ဒီဇာတ်လမ်းကတော့ ၁၉၉၆ ခုနှစ်ကထွက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီခေတ်အခါက လေဆင်နှာမောင်းနဲ့ပတ်သက်လို့ သတိပေးစနစ်က ၃ မိနစ်အလိုမှာမှ ကြေညာခြင်းပြုတဲ့အတွက် လူ့အသက်ပေါင်းများစွာဆုံးရှုံးရပါတယ်။ တစ်ခါတလေမှာဆိုရင် သတိပေးကြေညာချက်စတင်ရုံရှိသေး လေဆင်နှာမောင်းက ကိုယ့်အိမ်ခေါင်မိုးပေါ်တည့်တည့်ရောက်နေတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ ဂျိုနဲ့ ဘေလ်တို့က ကွာရှင်းပြတ်စဲတော့မယ့် ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံးကမိုးလေဝသပညာရှင်တွေပါ။ မုန်တိုင်းသတိပေးစနစ်ကို ၁၅ မိနစ်ကြိုတင်ပြီး ကြေညာခြင်း ပြုနိုင်လျှင်လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ကြတဲ့အတွက် သူတို့နှစ်ဦးက လေဆင်နှာမောင်းကိုလေ့လာမယ့် စနစ်နဲ့ဆင်ဆာတွေကို ပထမဦးဆုံးတီထွင်လိုက်ပါတယ်။ ဒါပေမဲ့ လေဆင်နှာမောင်းရဲ့အလုပ်လုပ်ပုံကိုသိဖို့အတွက်ဆိုရင် အဲ့ဒီစက်ကိရိယာနဲ့ဆင်ဆာတွေကို လေဆင်နှာမောင်းလာမယ့်လမ်းကြောင်းတည့်တည့်၊ လေဆင်နှာမောင်းနဲ့ နီးနိုင်သမျှ နီးနိုင်တဲ့နေရာမှာသွားရောက်နေရာချထားပေးရမှာပါ။ သူတို့ရဲ့ အစီအစဉ်ကိုအကောင်အထည်ဖော်ဖို့အတွက် သက်စွန့်ဆံဖျားကြိုးစားရပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Bill Paxton နဲ့ Helen Hunt တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားပြီး လက်ရှိမှာနာမည်ကြီးနေတဲ့ Glen Powell နဲ့ Daisy Edgar-Jones တို့ရဲ့ Twisters (2024) ဇာတ်ကားဟာဆိုရင် ဒီ ၁၉၉၆ခုနှစ် ဇာတ်ကားရဲ့ standalone sequel ဖြစ်ပါတယ်။
(အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)