၁၉၂၅ ခုနှစ် ……
ဝင်ဘလေပတ်မှာကျင်းပတဲ့ အင်ပါယာပြပွဲကြီးရဲ့ ပိတ်ပွဲအခမ်းအနားမှာ အင်္ဂလန်ပြည့်ရှင်ဘုရင် ဂျော့ရဲ့ ကိုယ်စား ဒုတိယမြောက်သားဖြစ်တဲ့ အလ်ဘသ်က မိန့်ခွန်းပြောဖို့ရာဖြစ်လာခဲ့တယ်။ ခက်တာက အလ်ဘသ်က စကားထစ်သူမျိုး။ ဒီတော့ မိန့်ခွန်းမစခင်ကတည်းက အခြေအနေသိတဲ့ သားတော်အလ်ဘသ်ဟာ ကတုန်ကယင်နဲ့ တိုင်ပတ်နေပါလေရော။ တကယ်လည်း မိန့်ခွန်းစရော ထင်တဲ့အတိုင်းဘဲ အလ်ဘသ်တစ်ယောက် စာရွက်ကြည့်ပြောသည့်တိုင် စကားတွေက ထွက်မလာခဲ့။ တိုင်ပတ်ပါလေရော …… ။
ဒိနောက်ပိုင်းမှာ အလ်ဘသ်နဲ့ ဇနီး အဲလိဇဘသ် (လက်ရှိ ဘုရင်မကြီး အဲလိဇဘသ်ရဲ့ မိဘများ) တို့ဟာ သမားတော်မျိုးစုံ ဆရာအစုံနဲ့ပြပေမယ့် အလ်ဘသ်ရဲ့ စကားထစ်ရောဂါဟာ တိုးတက်လို့မလာဘူး။ နောက်ဆုံးမှာ ဟာပါလမ်းက သြစတေးလျဆရာဝန်တစ်ယောက်ရှိတယ်တဲ့။
နာမည်က လိုင်ယိုနယ် လူးဂ်တဲ့။
အဲ့ဒိဆရာဝန်ရဲ့ ကုထုံးတွေဟာ တခြားဘာနဲ့မှ မတူဘူးဆိုပြီး ညွန်ရာကနေ ရောက်သွားပါလေရော။
ကုတယ် ကုတယ်ပေါ့ …… ။
(ဒီအခန်းတွေကတော့ ရုပ်ရှင်ထဲကြည့်မှ ပိုလှပပါလိမ့်မယ်)
ဒီလိုနဲ့ နှစ်အနည်းငယ်အကြာမှာ ဘုရင်ကြီးဂျော့ နတ်ရွာစံသွားပါလေရဲ့။ သူ့နောက်မှကျန်ခဲ့တဲ့ သားကြီး အဒ်ဝပ်က ဘုရင်ဖြစ်လာခဲ့တယ်။ ခက်တာက အဒ်ဝပ်ဟာ အမေရိကန်နိုင်ငံသူ ယောက်ျားရှိတဲ့ ဝါလစ်ဆင်မ်ဆန်နဲ့ ကြိုက်နေခဲ့တယ်။ အဲ့ဒိအချိန်တုန်းက အင်္ဂလန်ချာ့ချ်ကျောင်းတွေမှာ ယောက်ျားရှိပြီး (ကွာထားသည့်တိုင်) ယောက်ျားဟောင်းဟာ အသက်ရှင်နေသေးရင် လက်ထပ်ခြင်းမပိုင်ဆိုတဲ့ အယူရှိနေသေးတာမို့ ဘုရင် အဒ်ဝပ်တစ်ယောက် တိုင်ပတ်ပါလေရော။ ခေါင်းမာတဲ့ အဒ်ဝပ်ဟာ ဘာမဆိုလုပ်မယ့်အနေအထားရှိတာမို့ ကဘီနတ်ဝန်ကြီးတွေနဲ့ နန်းတွင်းအဒ်ဝပ်တို့ ကတောက်ကစဖြစ်ပါလေရဲ့။ ကတောက်ကစရဲ့ အဆုံးသတ်ကတော့ ဘုရင် အဒ်ဝပ်တစ်ယောက် နန်းတက်ပြီး ၁၁ လတည်းနဲ့တင် နန်းဆင်းပေးခဲ့ရတယ်။ သူ့နေရာမှာတော့ ညီတော်မောင် စကားထစ်တဲ့ အလ်ဘသ်နန်းတက်လာခဲ့တယ်။
တစ်ခါမှ ဒီလိုကိစ္စတွေကို စိတ်ကူးထဲတောင်မထည့်ဖူးတဲ့ ဒုတိယမြောက်သားတော်မောင်ဟာ ဖခင်ကြီးဆုံးပြီး တနှစ်အတွင်းမှာတင် ဗြိတိသျှအင်ပါယာရဲ့ ဘုရင်ကြီးဖြစ်လာခဲ့တယ်။ ဘုရင်ဖြစ်လာတာနဲ့အညီ မိန့်ခွန်းပေးဖို့တွေ စကားပြောဖို့တွေ လိုလာတယ်။ ဒီတော့ သာမန် သာမည ဆရာဝန် လိုင်ယိုနယ်ရဲ့ အကူအညီတွေလိုလာခဲ့တယ်။ အထူးသဖြင့် အင်္ဂလန်ဟာ ဟစ်တလာရဲ့ဂျာမဏီနဲ့ စစ်ခင်းတော့မယ့်အချိန်။ စစ်တပ်ကို စစ်ဦးစီးချုပ်က အုပ်ချုပ်တယ်။ နိုင်ငံရေးကို ဝန်ကြီးချုပ်က အုပ်ချုပ်တယ်။ ဒီလိုအကြပ်အတည်းကာလမှာ ဘုရင်ရဲ့ အားနည်းချက်တွေ အသုံးမဝင်မှုတွေ လုပ်ကိုင်ခွင့်မရှိတာတွေချည်းဘဲရှိတယ်။ တကယ်တမ်း ဘုရင်လုပ်နိုင်တာဟာ ပြည်သူတွေကို မိန့်ခွန်းပြောတာဘဲရှိတယ်။ ခက်တာက ဘုရင် အလ်ဘသ် (George VI) က စကားထစ်သူမျိုးဆိုတော့ ဒီနေရာမှာလည်း အသုံးမဝင်ဖြစ်နေတော့ စိတ်ညစ်ရပြန်တယ်။
နောက်ဆုံး ၉မိနစ်တိတိရှည်တဲ့ အင်္ဂလန်ရဲ့ ပထမဆုံး စစ်ပွဲဝင် မိန့်ခွန်းပြောဖို့ရာ မဖြစ်မနေ တာဝန်ဖြစ်လာပါလေရော။ ဒါကို ဘုရင် အလ်ဘသ်တစ်ယောက် ဘယ်လိုပြောမလဲဆိုတာ ရုပ်ရှင်ထဲမှာကြည့်ပါလေ။
ရုပ်ရှင်ရဲ့အဓိကကတော့ စကားထစ်တဲ့ ဘုရင်အလ်ဘသ်နဲ့ သာမန် စကားသမားတော်ဖြစ်တဲ့ လိုင်ယိုနယ်လူးဂ်တို့ကြားက သူငယ်ချင်း သံယောစဉ်တွေ ကုထုံးတွေ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ရင် လိုအပ်သလို အားပေးမှုတွေအပြင် သေသည့်တိုင်တည်ခဲ့တဲ့ သံယောဇဉ်တွေကို အဓိကပြချင်တာမျိုးပါ။
_____
ဒီဇာတ်ကားကို ၂၀၁၄ ခုနှစ်နောက်ပိုင်းကြည့်ခဲ့တာ ဒီနေ့ ညနေပါနဲ့ဆို လေးကြိမ်မြောက်ပါ။ ကြည့်တိုင် ဇာတ်ကားဟာလှပနေတုန်း။ အကယ်ဒမီတွေနဲ့ ထိုက်တန်နေတုန်းပါဘဲ။ Best Picture ဖြစ်သင့်နေတုန်း။ Colin Firth တစ်ယောက်ကလည်း အကယ်ဒမီနဲ့ထိုက်တန်နေတုန်း။ ရုပ်ရှင်ကို ၁၉၀၀ ခုနှစ် အစောပိုင်းကာလတွေမှာမှ ဘက်ကင်ဟမ်နန်းတော်နဲ့ အသိုင်းအဝိုင်းတွေကြားထဲမှာ အခြေတည်ထားတာမို့ ရုပ်ရှင် Set အပြင်အဆင်တွေက လုံးဝ လန်ထွက်ပါဘဲ။ Storyline ကလည်း Fictional မဟုတ်ဘဲ တကယ့် Truestory ကိုမှ အကောင်းဆုံး plotline ယူထားတာမို့ ဒါရိုက်တာ Tom Hooper တစ်ယောက် ဘာရိုက်ရမလဲဆိုတာ ကောင်းကောင်းသိပုံပါဘဲ။
ဒီဇာတ်ကားဟာ Tom တစ်ယောက် Danish Girl တို့ Les Miserables တို့ဆီမသွားမှီအကောင်းဆုံး အနုပညာပြချက်တစ်ခုဖြစ်သလို အပြစ်အနာအဆာကင်းတဲ့ Historical Plotline တစ်ခုရဲ့ အလှပဆုံး ပုံဖော်မှုတစ်ခုလို့ဘဲဆိုပါရစေ။