7.3
99,416
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Eddie the Eagle (2015)

Adventure, Biography, Comedy

Credits 200

Biography ရုပ်ရှင်လို့ ပြောလိုက်ရင် ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့သူတွေအကြောင်းရိုက်ထားတဲ့ရုပ်ရှင်တွေကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ တကယ်လို့ အကောင်းဆုံးအရှုံးသမားတစ်ယောက်အကြောငး် ရိုက်ကူးထားတဲ့ Biography ရုပ်ရှင်တစ်ကားကို ကြည့်ရမယ်ဆိုရင်ရော........ ကျွန်တော်တို့တွေဟာ အတ္ထုပတ္တိလို့ပြောလိုက်ရင် အောင်မြင်တဲ့သူတွေ၊ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့လူတွေအကြောင်း ဖတ်ကြ၊ ကြည့်ကြတာများပါတယ်။ တစ်ခါတစ်လေကျရင် သူတို့လိုဖြစ်ချင်စိတ်များသွားပြီး သူတို့လျှောက်တဲ့လမ်းက ဒီလောက်လည်း မခက်ပါဘူးကွာ ဆိုတဲ့ အဆိုးမြင်စိတ်လေး ဝင်လာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် တကယ်လျှောက်ကြည့်တဲ့အခါကျတော့မှ ဒီလိုအောင်မြင်တဲ့သူတွေလျှောက်ခဲ့တဲ့လမ်းက ခက်ခဲမှန်းသိလာတဲ့အခါ လူတော်တော်များများက အရှုံးသမားဖြစ်သွားကြပါတော့တယ်။ Eddie The Eagle ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်သွားပြီး ဆုတံဆိပ်တွေဆွတ်ခူးခဲ့တဲ့သူလည်းမဟုတ်၊ စံချိန်ကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူမဟုတ်ပဲ အိုလံပစ်ပွဲတော်မှာ ပါဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်နေကျ Biography ကားတွေနဲ့ နည်းနည်းကွဲထွက်နေပြီး ကျွန်တော်တို့ သာမန်လူတွေနဲ့လည်း ပိုပြီးနီးစပ်တယ်လို့ ပြောလို့ရပါတယ်။ Eddie Edwards (Taron Egerton) ဟာ ငယ်ငယ်ကတညး်က ဘယ်အားကစားနညး်နဲ့ဖြစ်ဖြစ် ဗြိတိန်််အိုလံပစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ချင်ခဲ့သူပါ။ ၁၀ ကျော်သက်အရွယ်ရောက်လာတဲ့အထိ အားကစားနည်းပေါင်းစုံစမ်းသပ်ခဲ့ပေမယ့် တစ်ခုမှ သေချာမဖြစ်ထွန်းတဲ့အခါ အဖေဖြစ်သူက Eddie ကို သူ့ရဲ့ပန်းရံလုပ်ငန်းမှာ ကူလုပ်ဖို့ အမိန့်ချလိုက်ပါတော့တယ်။ အဖေနဲ့အတူ အလုပ်လုပ်ဖို့ ပထမဆုံးစလိုက်သွားတဲ့နေ့မှာ Eddie ရောက်သွားတဲ့နေရာကတော့ နှင်းလျှောစီးကွင်းကြီးတစ်ကွင်းဖြစ်နေပါတယ်။ အပျော်နှင်းလျှောစီးနေတဲ့လူတွေကို ကြည့်ရင်း Eddie က သူ့အဖေကို လှမ်းပြောလိုက်တယ်။ "အဖေပြောတာမှန်တယ် သား အိုလံပစ်ပွဲတော်ကို သွားရမှာမဟုတ်ဘူး" "သားက ဆောငး်ရာသီအိုလံပစ်ပွဲတော်ကို သွားမှာ" ဒီလိုနဲဲ့ပဲ Eddie တစ်ယောက် နှင်းလျှောစီးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အသက်လည်း ၂၀ ကျော်လာပြီဖြစ်ပြီး ၁၉၈၇ ခုနှစ်အချိန်အခါဖြစ်ပါတယ်။ အဲ့အချိန်မှာ ဗြိတိန်အိုလံပစ်ကော်မတီဟာ ၁၉၈၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် အားကစားသမားတွေကို စတင်ရွေးချယ်နေပြီဖြစ်ပြီး Eddie က ကံမကောင်းစွာနဲ့ အပယ်ခံလိုက်ရပါတယ်။ ဆယ်ကျော်သက်ဘဝတစ်လျှောက်လုံး ဒီပြိုင်ပွဲအတွက် အားတင်းကြိုးစားလာပေမယ့် အပယ်ခံလိုက်ရတဲ့အခါ Eddie က လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ တိတ်ခွေဟောင်းတွေထဲက Ski Jumping (မြန်မာလိုအလွယ်ပြောရရင် နှင်းလျှောခုန်အားကစားနည်း) ဆိုတာကို သွားတွေ့ပါတော့တယ်။ ကံကောင်းချင်တော့ ဗြိတိန်အိုလံပစ်ကော်မတီမှာ နှင်းလျှောခုန်အသင်းမရှိတာဟာ ၁၉၂၉ ကတည်းကဖြစ်ပြီး ဒီအချက်က Eddie အတွက် ဗြိတိန်ဆောငး်ရာသီအိုလံပစ်အသင်းမှာ ပါဝင်နိုင်ဖို့ ဖြတ်လမ်းတစ်ခု ဖြစ်လာပါတော့တယ်။ Eddie ဟာ ၁၉၂၉ ခုနှစ်က ဗြိတိန်စံချိန်ဖြစ်တဲ့ ၂၂.၉ မီတာအကွာအဝေးထက် ပိုခုန်ပြနိုင်ရုံနဲ့ ဗြိတိန်အိုလံပစ်အသင်းမှာ နှင်းလျှောခုန်ကစားသမားတစ်ယောက်အဖြစ် ပါဝင်နိုင်မှာဖြစ်တဲ့အတွက် ချက်ချင်းပဲ ဂျာမနီက နှင်းလျှောခုန်လေ့ကျင့်ရေးစခန်းကို မဆိုင်းမတွ ထွက်လာပါတော့တယ်။ ကိုယ့်ရေကိုယ့်မြေမဟုတ်တဲ့အတွက် အခက်အခဲတွေကြုံရပြီး နှင်းလျှောခုန်နည်းသင်ပေးမယ့်သူလည်း မရှိတဲ့အတွက် ၁၅ မီတာမြင့်တဲ့ ကလေးအရွယ်ခုန်တဲ့အဆင့်ကိုသာ သက်သက်သာသာခုန်ဆင်းနိုင်ပြီး မီတာ ၄၀ ရောက်တာနဲ့ တဖုန်းဖုန်းပြုတ်ကျပါတော့တယ်။ နှင်းလျှောခုန်တဲ့အားကစားနည်းမှာ အခြေခံအားဖြင့် အမြင့် ၄ ဆင့့်ရှိပြီး ၁၅ မီတာ၊ မီတာ ၄၀၊ မီတာ ၇၀ နဲ့ မီတာ ၉၀ တို့ဖြစ်ပါတယ်။ (ပုံ ၃ ကိုကြည့်ပါ) ၁၅ မီတာဆိုတာကတော့ ၅ နှစ်သား၊ ၆ နှစ်သားအရွယ်လေးတွေ ဒီအားကစားနည်းကို စပြီး သဘောကျလာအောင် ဆွဲဆောင်ရုံသာသာ အမြင့်ဖြစ်ပြီး မီတာ ၄၀ ကတော့ ဒီအားကစားနည်းကို ပရော်ဖက်ရှင်နယ်ကျကျ ကစားဖို့ စတင်စမ်းသပ်တဲ့အမြင့်ဖြစ်ပါတယ်။ တော်တော်များများက ဒီအမြင့်မှာတင် လက်လျှော့သွားကြပေမယ့် Eddie ကတော့ ခွေးကျဝက်ကျပြုတ်ကျရင်တောင် ဆက်ပြီးကြိုးစားနေခဲ့ပါတယ်။ မီတာ ၇၀ နဲ့ မီတာ ၉၀ ကတော့ ပြိုင်ပွဲတန်းဝင်အမြင့်တွေဖြစ်ပြီး မီတာ ၉၀ ဆိုရင် ကိုယ်ခုန်ရမယ့် နှင်းလျှောပေါ်တက်ကတညး်က အောက်မှာ အခေါင်းကြိုတိုင်းထားပြီးပြီလို့တောင် သတ်မှတ်ကြတဲ့အထိ အန္တရာယ်များလွန်းတဲ့အမြင့်ပါ။ မီတာ ၄၀ မှာတင် ပုံစံမျိုးစုံနဲ့ ပြုတ်ကျနေတဲ့ Eddie ကို နှင်းလျှောခုန်လေ့ကျင့်ရေးစခန်းက နှင်းညှိတဲ့သူ Bronson Peary (Hugh Jackman) က Up, Back, Forward, Down ဆိုတဲ့အကွက် ၄ ကွက် သင်ပေးလိုက်ပြီးနောက်မှာတော့ မီတာ ၄၀ ကို ခုန်နိုင်သွားပြီး မီတာ ၇၀ ကို စမ်းခုန်တဲ့အခါ အကျမတော်ပဲ ခြေကျိုးလက်ကျိုးဖြစ်ပြီး ဆေးရုံကြွရပါတော့တယ်။ ဆေးရုံဆငး်လာပြီးနောက်မှာတော့ Peary နဲ့အတူ လေ့ကျင့်ခဲ့ပြီး Eddie အပေါ်အယုံအကြည်မရှိတဲ့ ဗြိတိန်အိုလံပစ်ကော်မတီကလည်း အနညး်ဆုံးခုန်ရမယ့်အကွာအဝေးကို ၆၁ မီတာအထိ တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် Eddie အချိန်တိုအတွင်း ဒီအကွာအဝေးကို ခုန်နိုင်အောင် ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားကို ခဏခဏပြန်ကြည့်ဖြစ်တဲ့အကြောငး်အရင်းကို ပြောပါဆိုရင်တော့ Eddie ရဲ့ စိတ်ဓာတ်ကြောင့်ပဲလို့ပြောရမယ်။ သူ ဘယ်အားကစားလုပ်လုပ် မအောင်မြင်ခဲ့ပေမယ့် တကယ် Passionate ဖြစ်တဲ့အားကစားနည်းကို တွေ့တဲ့အခါ ဘယ်သူတွေ ဘယ်လောက်ရှုံ့ချရှုံ့ချ ဆရာကောင်းသမားကောင်းကို အတင်းအပူလိုက်ကပ်၊ ကိုယ်ကိုယ်တိုင်လည်း အားသွန်ခွန်စိုက်ကြိုးစားနေတာကို ကြည့်ရတာ တကယ် အားရစရာကောငး်ပါတယ်။ ဆရာဖြစ်သူ Peary ကလည်း သူ့ဘဝရဲ့အကြီးမားဆုံးအမှားကို Eddie နဲ့အတူ ပြန်ပြင်ဆင်သွားတာ၊ သူ့ကိုယ်သူလည်း လမ်းကြောင်းမှန်ပေါ်ပြန်တက်သွားတာ တကယ်လေးစားစရာကောငး်လှပါတယ်။ နောက်တစ်ချက်ကတော့ ဒီရုပ်ရှင်က လူတွေနည်းနည်းအမြင်မှားနေတဲ့ အိုင်ဒီယာတစ်ခုကို အမှန်ပြန်ပြင်ပေးလိုက်တာပါ။ အဲ့ဒါကတော့ အားကစားသမားတစ်ယောက်ဆိုတာ ဆုတံဆိပ်တွေဆွတ်ခူးနိုင်မှ၊ စံချိန်တွေချိုးနိုင်မှ အားကစားသမားအစစ်ဖြစ်တာမဟုတ်ဘူးဆိုတဲ့ အယူအဆပါပဲ။ နောက်ဆုံးပုံမှာ ပြောထားတဲ့အတိုင်း အိုလံပစ်ပြိုင်ပွဲဆိုတာ ဆုတံဆိပ်တွေဆွတ်ခူးဖို့ဆိုတာထက် ပါဝင်ဆင်နွှဲဖို့က ပိုအရေးကြီးတာပါ။ ဘဝဆိုတာလည်း ဒီလိုပါပဲ၊ အောင်မြင်တာ မအောင်မြင်တာတွေထက် လူဖြစ်ရကျိုးနပ်အောင် ကိုယ် ဘယ်လိုကြိုးစားရုန်းကန်ခဲ့လဲဆိုတာကသာ ပိုပြီးအဓိကကျတာပါ။ ဒီရုပ်ရှင်မှာ Taron Egerton နဲ့ Hugh Jackman ရဲ့ Character Chemistry က အတော်ပြောင်မြောက်ခဲ့ပြီး အထူးသဖြင့် Taron ဟာ ဒီရုပ်ရှင်မှာ တကယ့်အပြင်က Eddie Edwards နဲ့ ချွတ်စွပ်နီးပါးကို တူပါတယ်။ စကားပြောသံ အမူအရာတွေကအစ သူပုံမှန်သရုပ်ဆောင်နေကျပုံစံတွေကနေ ကွဲထွက်နေခဲ့တာပါ။ Panning ခဏခဏလုပ်ပြီး Slo-Mo Shot တွေ ပေါင်းစပ်ထားတဲ့အတွက် နှင်းလျှောခုန်တဲ့အခန်းတွေက တကယ်ကိုအသက်ပါလွန်းသလို ဒီအားကစားနည်းက ဘယ်လောက်ခက်ခဲသလဲဆိုတာ ပိုပြီး နားလည်ရလွယ်လာသလိုခံစားရပါတယ်။ နောက်ခံတီးလုံးကလဲ ၁၉၈၀ - ၉၀ ဝန်းကျင်က မြူးမြူးကြွကြွတီးလုံးပုံစံမျိုးကို ထည့်သွင်းထားပြီး Final Jump Scene က တီးလုံးဆိုရင် နားထောင်တိုင်း ကြက်သီးထမိလောက်အောင် အံဝင်ဂွင်ကျဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်နာမည်အတိုင်း Eddie Edwards ကနေ ဘယ်လိုဖြစ်ပြီး Eddie The Eagle ဆိုတဲ့နာမည်ပြောင် ရလာသလဲ၊ အိုလံပစ်ပြိုင်ပွဲမှာ သူဘာတွေလုပ်ပြခဲ့လို့ နာမည်ကြီးခဲ့တာလဲ ဆိုတာတွေတော့ အထူးတလည်မပြောပြတော့ပါဘူး။ ကြည့်မယ့်သူတွေကို ကိုယ်တိုင်ခံစားစေချင်လို့ပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ကိုယ့်ဘဝအပေါ် အမြင်တစ်ချို့တော့ ပြောင်းလဲသွားမှာသေချာပါတယ်လို့ ရဲရဲကြီး အာမခံရဲပါတယ်။ လူဆိုတာ အမြဲတမ်း အနိုင်ရနေမှ တကယ်အောင်မြင်တာလား....... ဒီမေးခွန်းရဲ့အဖြေက Eddie The Eagle ရုပ်ရှင်ထဲမှာ ရှိပါတယ်။