5.7
124,650
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3 GB

Credit

300

Percy Jackson: Sea of Monsters (2013)

Adventure, Family, Fantasy

Credits 300

ခေတ်သစ်ကာလ ဂရိနတ်ဘုရားတွေရဲ့ သားသမီးတွေဟာ သူတို့အတွက် သီးသန့်ဖန်တီးထားတဲ့ စခန်းတစ်ခုမှာ စုပေါင်းနေထိုင်ကြပါတယ်။ အဲဒီနေရာကို လာတဲ့လမ်းမှာ ရှေးဟောင်း သတ္တဝါကြီးတွေက ဖြတ်သမျှ လူတွေကို လိုက်လံသတ်ဖြတ် စားသောက်ကြပါတယ်။ Annabeth ၊ Luke ၊ Grover နဲ့ Thalia တို့ဟာ စခန်းကိုအလာ လမ်းမှာ တိုက်ခိုက်ခြင်း ခံရပြီး ကျန်တဲ့သူတွေ လွတ်မြောက်နိုင်ဖို့အတွက် Thalia က အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့ပါတယ်။ Thalia သေဆုံးသွားတာကို သိရှိသွားတဲ့ နတ်ဘုရင်ကြီး Zeus ဟာ Thalia ကို အသက်ဆက်ရှင်နိုင်အောင် ထင်းရှူးပင်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီထင်းရှူးပင် Thalia ဟာ စခန်းကို ရန်သူတွေ မဝင်ရောက်နိုင်အောင် အကာအကွယ် တံတိုင်းတစ်ခု ဖန်တီးပေးထားပါတယ်။ ရေနတ်ဘုရားရဲ့သား Percy ဟာ လျှပ်စီးလက်နက်သူခိုးကို ဖော်ထုတ်ပေးပြီးနောက်ပိုင်း စခန်းမှာ တခြားနတ်ဘုရားတွေရဲ့ သားသမီးတွေနဲ့အတူ လာရောက်လေ့ကျင့်နေပါတယ်။ သူဟာ လေ့ကျင့်ရေးတစ်ခုမှာ Clarisse La Rue ကို ရှုံးနိမ့်သွားပါတယ်။ အဲဒီအချိန်မှာ မြင်းတစ်ပိုင်းလူတစ်ပိုင်း Chiron နဲ့ Mr. D လို့ အတိုကောက်ခေါ်ကြတဲ့ အရက်နတ်ဘုရား Dionysus တို့ဟာ ရေနတ်ဘုရား Poseidon ရဲ့ နောက်ထပ်သားတစ်ယောက် သူတို့စခန်းကို ရောက်လာတာကို ဖြေရှင်းနေရပါတယ်။ Zeus ၊ Hades နဲ့ Poseidon တို့ အကြီးအကဲ နတ်ဘုရား ညီအစ်ကို ၃ ယောက်မှာ လူသားနဲ့ ရတဲ့ မျိုးဆက်သစ်ဆိုလို့ Poseidon ရဲ့ သား Percy Jackson တစ်ယောက်ပဲ အသက်ရှင်လျက် ရှိတော့တယ်လို့ အားလုံးက သိထားကြတာပါ။ ခုရောက်လာတဲ့သူက လူမဟုတ်ပဲ နတ်ဘုရားနဲ့ Cyclop စပ်ပြီး မွေးလားတဲ့ Tyson လို့ခေါ်တဲ့ မျက်လုံးတစ်လုံးထဲပါတဲ့ နတ်Cyclop လေးပါ။ Percy နဲ့ Tyson တို့ စခန်းမှာ စားသောက်နေစဉ်မှာပဲ သူတို့စခန်းရဲ့ တံတိုင်းကို တခုခုက ချိုးဖောက်ဝင်ရောက်လာတာကို သိလိုက်ရပါတယ်။ ဝင်လာတဲ့အရာကတော့ စက်ရုပ်နွားသိုးကြီးပါပဲ။ အဲဒီနွားသိုးကြီးကို Percy က အသက်လု တိုက်ခိုက်အောင်မြင်ပြီးတဲ့ အချိန်မှာ လျှုပ်စီးလက်နက်သူခိုး Luke ရောက်လာပြီး Percy ကို သူနဲ့ ပူးပေါင်းဖို့ ဖျောင်းဖြပါတယ်။ ပြီးတော့ တဘောင်စကားကို မသိဘူးလားလို့ မေးသွားပါတယ်။ Percy က ပူးပေါင်းဖို့ ငြင်းဆန်လိုက်တာကြောင့် Luke လည်း ထွက်သွားပါတယ်။ တကယ်တော့ Thalia ရဲ့ သစ်ပင်ကို အဆိပ်ခတ်ပြီး တမြည့်မြည့်နဲ့ သေသွားအောင် လုပ်ထားတာကြောင့် တံတိုင်းပေါက်သွားပြီး အဲဒီစက်ရုပ်နွားသိုးကြီး သူတို့စခန်းထဲ ရောက်လာနိုင်တာပါ။ Percy လည်း Chiron ကို တဘောင်အကြောင်း မေးပါတယ်။ အဲဒီတဘောင်ကို သိချင်ရင် နိမိတ်ဖတ်ဆရာဆီ သွားမေးဖို့ Chiron က အကြံပေးတာကြောင့် Percy လည်း စခန်းက အိမ်မကြီးအပေါ်ထပ် ထပ်ခိုးမှာရှိနေတဲ့ နိမိတ်ဖတ်ဆရာဆီ သွားမေးပါတယ်။ တဘောင်အရ အကြီးအကဲ နတ်ဘုရား ညီအစ်ကို ၃ယောက်ရဲ့ လူသားနဲ့ရတဲ့ မျိုးဆက်တစ်ယောက်ဟာ Olympus တောင်လို့ ခေါ်တဲ့ နတ်ဘုရားတွေနေထိုင်ရာ နတ်ပြည်ကြီးရဲ့ ပျက်စီးခြင်း ဒါမှမဟုတ် အဓွန့်ရှည်တည်တံ့ခြင်းကို ဆောင်ကျဉ်းပေးလိမ့်မယ်လို့ ဆိုပါတယ်။ တမြည့်မြည့်နဲ့ သေဆုံးတော့မယ် Thalia ထင်းရှူးပင်ကို ပြန်လည်ကုသနိုင်မယ့် အဆိပ်ဖြေဆေးကို ရှာမတွေ့တာကြောင့် လက်လျှော့ရမလို ဖြစ်နေချိန်မှာ Annabeth က ရှေးဟောင်းရတနာတစ်ခုကို သတိရသွားပါတယ်။ ဒဏ္ဍာရီလာ ရွေဆိတ်သားရေဟာ သေလုဆဲဆဲ ဘယ်သက်ရှိကိုမဆို အသက်ပြန်ရှင်စေနိုင်ပါတယ်တဲ့။ ဒီဆိတ်သားရေကို CirceLand ကျွန်းမှာ နေထိုင်တဲ့ Cyclop ကြီး Polyphemus ဆီကနေ သွားယူရမှာပါ။ အဲဒီ CirceLand ကျွန်းဟာ Sea of Monsters လို့ ခေါ်ကြတဲ့ ဘာမြူဒါတြိဂံဒေသမှာ ရှိနေတာပါ။ ဒီအစီအစဉ်ကို အကြံပြုတဲ့သူက Annabeth ဖြစ်ပေမယ့် Mr. D က ဒီခရီးစဉ်အတွက် လူစွမ်းကောင်း ရွေးချယ်တဲ့အချိန်မှာတော့ Percy နဲ့ Annabeth အစား Clarisse ကို ရွေးချယ်လိုက်ပါတယ်။ အခြေအနေတွေအရ Percy ၊ Annabeth နဲ့ Grover တို့ဟာ ဒီခရီးကို ခိုးသွားဖို့ စီစဉ်ကြတဲ့အခါ မမျှော်လင့်ပဲ Percy ရဲ့ ညီ Tyson လည်း လိုက်ပါလာပါတယ်။ သူတို့ Clarisse ထက် အရင်ရောက်ပြီး ရွှေဆိတ်သားရေကို ယူနိုင်မလား … Luke ကရော သူတို့ ရွှေဆိတ်သားရေ ရသွားတာကို ထိုင်ကြည့်နေမှာလားဆိုတာ … ဒါရိုက်တာ Thor Freudenthal ရိုက်ကူးပြီး Percy Jackson အဖြစ် Logan Lerman ဦးဆောင်ပါဝင်ထားတဲ့ Se of Monsters ဇာတ်ကားဟာ Person Jackson ဇာတ်ကားတွဲတွေရဲ့ ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ပထမဇာတ်ကား Percy Jackson & the Olympians: Lightning Thief မှာ ထင်သလောက် အောင်မြင်မှု မရခဲ့ပေမယ့် ဒီကားမှာတော့ အထူးပြုလုပ်ချက်တွေ ဝေေ၀ဆာဆာနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ စာရေးဆရာ Rick Riordan ရဲ့ Percy Jackson ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ခက်ခက်ခဲခဲ အသက်သွင်းထားတာ ဖြစ်ပြီး ဝတ္ထုထဲက တချို့အခန်းတွေကို ဖြုတ်ချပစ်ခဲ့တာ တွေ့ရပါတယ်။ Brandon T. Jackson ၊ Alexandra Daddario ၊ Douglas Smith ၊ Leven Rambin ၊ Jake Abel ၊ Stanley Tucci နဲ့ Nathan Fillion တို့ ဦးဆောင်ပါဝင်ထားပြီး Chiron အဖြစ် Anthony Head နဲ့ Cyclop ကြီး Polyphemus အဖြစ် Robert Maillet တို့က ပါဝင် အားဖြည့်ပေးထားပါတယ်။ IMDB Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 38% ပဲ ရရှိထားပါတယ်။ ဒီဇာတ်ကားကို မကြည့်ခင် ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေနဲ့ သူတို့ရဲ့ ဇာတ်ကြောင်းတွေကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။ နတ်ဘုရားညီအစ်ကို ၃ ယောက်ရဲ့ ဖခင် အချိန်နတ်ဘုရား Kronos ၊ မိုးကြိုးနတ်ဘုရားနဲ့ ကောင်းကင်နတ်ဘုရင်ကြီး Zeus ၊ စာပို့နဲ့ အားကစားနတ်ဘုရား Hermes ၊ ပင်လယ်၊ ရေနဲ့ မြင်းနတ်ဘုရား Poseidon စတဲ့ ဂရိဒဏ္ဍာရီကို ရင်းနှီးမှသာ ဇာတ်လမ်းရဲ့ ဇာတ်အိမ်ကို ကောင်းကောင်းနားလည်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်အနေနဲ့ အတော်လေးကောင်းမွန်သလို ရိုက်ချက်တွေ၊ အထူးပြုလုပ်ချက်တွေကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ တခါတရံမှာ အသက်မပါတာ၊ မာန်မပါတာ၊ ပြချင်တဲ့ ဇာတ်ကွက်တွေ များပြားနေတာနဲ့ နောက်ဆုံး တိုက်ပွဲမှာ အနည်းငယ် ဇာတ်ကွက်မြန်သွားတာတွေကြောင့် ဇာတ်သိမ်းပိုင်းကတော့ အတော်လေး အားနည်းချက်ရှိတယ်လို့ ဆိုရမှာပါ။ ရိုက်ချက်တွေ လန်းသလောက် ရင်ထဲမှာ စွဲမကျန်ပဲ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ မြန်မာတွေနဲ့ သိပ်မရင်းနှီးတဲ့ ဂရိဒဏ္ဍာရီအခြေခံ ဇာတ်အိမ်ဖြစ်နေတာကလည်း ကြည့်ရှုရသူအနေနဲ့ ဘာကိုဆိုလိုမှန်း နားလည်အောင် ကြိုးစားဖို့ အလုပ်ပို လုပ်ခိုင်းသလို ဖြစ်နေပါတယ်။ ရုပ်ထွက်ကောင်းကောင်းနဲ့ ထူးခြားဆန်းပြားတာတွေ ကြည့်ချင်သူတွေအနေနဲ့ သင့်တော်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းကို ခံစားလိုသူတွေအတွက် ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်း အနည်းငယ်တီးမိခေါက်မိဖို့ လိုပြီး Lightning Thief ကို အရင်ကြည့်ပြီးမှသာ ကြည့်သင့်ပါတယ်လို့ ညွှန်းဆိုပါရစေ။