ဒီဇာတ်ကားလေးကတော့ Willy Wonka ပထမဆုံးဇာတ်ကားလေးဖြစ်ပြီး
ဟာသမင်းသားကြီး Gene Wilder က Willy Wonka အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Willy Wonka ဟာ ချောကလက်စက်ရုံတည်ထောင်ပြီး
ဝန်ထမ်းတွေခန့်ကာ တစ်ကမ္ဘာလုံးကို ချောကလက်တွေ တင်ပို့ရောင်းချလာခဲ့ရာ
တစ်နေ့မှာတော့ တခြားစီးပွားပြိုင်ဘက်တွေဟာ စက်ရုံဝန်ထမ်းအယောင်ဆောင်ပြီး
Willy Wonka ရဲ့ လျှို့ဝှက်ချောကလက်လုပ်နည်းတွေကို ခိုးယူခဲ့ကြပါတယ်။
Willy Wonka က အဲဒီကိစ္စကိုရိပ်မိသွားတဲ့အခါ ဝန်ထမ်းတွေအားလုံးကို ပြန်လွှတ်ပြီး ချောကလက်စရုံကို ထာဝရပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့
စက်ရုံကြီးဟာ အသက်မဲ့သွားခဲ့ပြီး ၆ လလောက်အကြာမှာတော့ စက်ရုံကြီးဟာ
ပြန်လည်ပတ်နေခဲ့ပါတယ်။ ထူးခြားတာက စက်ရုံဂိတ်တံခါးတွေဟာ ပိတ်ထားဆဲဖြစ်သလို
လူဝင်လူထွက်လည်းမရှိပါဘူး။
တစ်နေ့မှာတော့ Willy Wonka က သူ့ရဲ့ချောကလက်တွေထဲမှာ ရွှေရောင်လက်မှတ်
ငါးစောင်ကိုထည့်သွင်းထားပြီး ရွှေရောင်လက်မှတ်ကိုပိုင်ဆိုင်ရတဲ့သူက ချောကလက်စက်ရုံထဲတစ်နေ့တာလည်ပတ်ခွင့်ရမယ့်အပြင်၊ တစ်သက်တာချောကလက်ပံ့ပိုးမှုကိုရရှိမှာဖြစ်ပြီး
ငါးယောက်ထဲက တစ်ယောက်ကကတော့ အထူးဆုကိုပါ ပိုင်ဆိုင်ခွင့်ရမှာပါ။
အဲဒီကြေညာချက်ကြောင့် လူတိုင်းဟာ ဝန်ကာချောကလက်တွေကို အလုအယက်ဝယ်ယူပြီး ရွှေရောင်လက်မှတ်ရှာပုံတော်ကြီးကို စတင်ကြပါတော့တယ်။ အဲဒီတော့ ရွှေရောင်လက်မှတ်
ကံထူးရှင်ငါးယောက်က ဘယ်သူတွေဖြစ်မလဲ။ ချောကလက်စက်ရုံကြီးထဲမှာရော
ဘယ်လိုဆန်းကြယ်တဲ့ ပဟေဠိတွေရှိနေမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်