6.2
6,131
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Battle for Incheon: Operation Chromite (2016)

Action, Drama, History

Credits 200

ကိုးရီးယားမှာတော့ ဒီရုပ်ရှင်ကားကို လူတွေတိုးခွေ့ကြည့်ပြီးနေလောက်ကြပါပြီ. စရိုက်ကတဲက ပရိသတ်အရမ်းစိတ်ဝင်စားနေကြတဲ့ဇာတ်ကားပါ၊ ၁၉၅၀ မှာ ဖြစ်ခဲ့တဲ့ ကိုးရီးယားစစ်ပွဲကြီးအတွင်းက စစ်ဆင်ရေးတစ်ခုကိုအခြေခံလို့ ဘတ်ဂျက်ကြီးကြီးမားမား အကုန်အကျခံရိုက်သလို ဟောလိဝုဒ်က နာမည်ကြီးမင်းသားကြီး လီရမ်းမ်-နက်ဆင်နဲ့ ကိုးရီးယားနာမည်ကျော် တွေ ပါဝင်ပါသတဲ့။ မြောက်အိုင်ယာလန်ဖွား လီရမ်းမ်နက်ဆင်ဆိုတာ စပီးလ်ဘာ့ဂ်ရဲ့ အော်စကာဆုရ Schindler's List ရုပ်ရှင်နဲ့ လူသိများလာပြီး အိုင်ယာလန်ခေါင်းဆောင်ကြီး မိုက်ကယ်ကောလင်းအထုပတ္တိရုပ်ရှင်လည်း ရိုက်ဖူးသလို ဖျော်ဖြေရေးအက်ရှင်ကားတွေဖြစ်တဲ့ Taken ရုပ်ရှင်တွေနဲ့လည်း ဝက်ဝက်ကွဲပိုက်ဆံရ နာမည်ထိပ်ဆုံးရောက်လာတဲ့ မင်းသားကြီးဖြစ်ပြီး အခုအတော်အရွယ်ရလာပါပြီ၊ ဒါပေမယ့် အဲဒီ အိုလာတဲ့ရုပ်သွင်ကိုပဲ လူလည်ကိုးရီးယားတွေ ချိန်ကိုက်အသုံးချပုံက အမေရိကန်ဗိုလ်ချုပ်ကြီး မက်အာသာနေရာမှာ သူ့ကို သရုပ်ဆောင် ဖို့ ငှားခဲ့သတဲ့။ ဒီတော့ 'Operation Chromite' ဆိုတဲ့ အဲဒီရုပ်ရှင်ကား ရိုက်နေပြီဆိုကတည်းက ကိုးရီးယားမှာ ပရိသတ်က ပျော်ကြတယ်။ သူတို့ ကိုးရီးယားကားထဲ လီရမ်းမ်နက်ဆင်ကြီးမျက်နှာ မြင်ရတော့မယ်ဆိုပြီး အဲဒီတစ်ချက်နဲ့တင် စိတ်ဝင်စားသူ မနည်းဘူးတဲ့။ ဒါကိုကြည့်ရင် အာရှတလွှားမှာတော့ ခေတ်ပေါ်အနုပညာပရိသတ်ကြားမှာ ကိုးရီးယားမှကိုးရီးယားဖြစ်ကြသလို ကိုးရီးယားတွေ ကိုယ်တိုင်ကျတော့ ဟောလိဝုဒ်မှာ ပေါက်မြောက်ပါမှ တကယ်ကမ္ဘာကျော်တာလို့ အထင်ကြီးကြတယ်၊ တကယ်လည်း ဟောလိဝုဒ်ရဲ့ ဈေးကွက်တန်ဘိုးက ကြီးမားကျယ်ပြန့်လွန်းတာကိုး၊ ဒါတောင် မြန်မာပြည်လို Pirated Copy တို့ပျော်စံရာ မြေတွေလည်း ကမ္ဘာပေါ်မှာ မနည်းမနောရှိသေးတာ။ ဒီလိုနဲ့ ရိန်းတို့ လီဗြောင်ဟွန်းတို့ အာရှမှာ ဘယ်လောက်နာမည်ကြီးကြီး ဟောလိဝုဒ်ကျတော့ အခန်းနည်းချင်နည်း ဗီလိန်တွေ ဖြစ်ချင်ဖြစ် ခေါ်သုံးပေးတယ်ဆိုရင်ပဲ ကျေနပ်တဲ့ပုံနဲ့ ပါခဲ့တာ တွေ့ရတယ်။ ကိုးရီးယားတွေလည်း ဟောလိဝုဒ်ကို တစ်နည်းတလမ်းတော့ ပြန်အသုံးချတာပါပဲ၊ အခုပဲကြည့် 'Operation Chromite' မှာ ကိုးရီးယားနာမည်ကြီးမင်းသား Lee Jung-jae ကို ခေါင်းဆောင်တင်ထားတယ်။ Lee Jung-jae က ရုပ်မချောပေမယ့် သရုပ်ဆောင်ပြောင်မြောက်ပြီး ကိုးရီးယားတွေရဲ့ စစ်ကား စပိုင်ကား စုံထောက်ကားတွေ သရုပ်ဆောင်တဲ့ နေရာမှာ ပထမတန်းစားပဲ။ သူ နောက်ဆုံးရိုက်ထားတဲ့ကားက မင်းသမီးလေး-ဂျန်းဂျီဟွန်းကို အဓိကထားတဲ့ Assassinations အမျိုးသမီးလက်ဖြောင့်သေနတ်သမားကား။ အဲဒီမှာ သူက သူ့လူကိုယ့်ဘက်သား နှစ်ဘက်ခွစရိုက်နဲ့ ပါခဲ့ရပြီး အဲဒီ ရုပ်ရှင်လည်း ဝက်ဝက်ကွဲ ပေါက်ခဲ့တယ်။ အဲဒီလို နာမည်ကြီးပြီးသား Lee Jung-jae ကို သူ့လိုပဲ သရုပ်ဆောင်ရူးသွပ်တဲ့ မင်းသား Lee Beom-Soo ၊ မင်းသမီးချော Jin Se-Yun တွေနဲ့ တွဲပေးထားတော့ ကိုးရီးယားနဲ့ အာရှဈေးကွက်အတွက် သေချာစေတယ်၊ ပြီးတော့ အမေရိကန်ဗိုလ်ချုပ်ကြီး မက်အာသာ နေရာမှာ လီရမ်းနက်ဆင်ကို ထည့်လိုက်တာကတော့ ဟောလိဝုဒ်ဈေးကွက်ကိုပါ လှမ်းချိတ်လိုက်တဲ့သဘောပဲ။ ဒါပေမယ့် ကိုးရီးယားတွေ ကိုပဲ အသားပေးထားပုံပေါ်တယ်၊ ဘာကြောင့်လဲဆိုတော့ ဝမ် ၁၂ ဘီလီယံ(ဒေါ်လာ ၁၂သန်း)အကုန်အကျခံရိုက်ပြီး အသားတင်ပြသချိန် ၁၁၁ မိနစ်ကြာတဲ့ရုပ်ရှင်မှာ လီရမ်းမ်နက်ဆင်ပါတဲ့အခန်းအားလုံးပေါင်းမှ မိနစ် ၂၀ စွန်းရုံလေးရှိသတဲ့။ ဗိုလ်ချုပ်ကြီးမက်အာသာရဲ့အထုပ္ပတ္တိကို ဟောလိဝုဒ်က ၁၉၇၇ ကထဲက မင်းသားကြီးဂရေဂရီပက်နဲ့ ရုပ်ရှင်ရိုက်ခဲ့ပြီးပါပြီ။ တကယ်တော့ “Operation Chromite” ဆိုတာ မက်အာသာကိုယ်တိုင် ရေးဆွဲခဲ့တဲ့ စစ်ဆင်ရေးပါ။ “Operation X-Ray” လို့လည်း သုံးတယ်၊ အဲဒီအချိန် ၁၉၅၀ တုန်းက မြောက်ကိုးရီးယားတွေက တောင်ကိုးရီးယားကို ဝင်တိုက်လိုက်တာ ဆိုးလ်မြို့ပါကျလို့ သမ္မတ ဆစ်မန်ရီးပါ ထွက်ပြေးသွားရတယ်၊ မြောက်ကိုးရီးယားခေါင်းဆောင်ကတော့ အခုကင်ဂျုံအန်ရဲ့ အဘိုးကင်အီဆွန်းပါပဲ။ အမေရိကန် ခေါင်းဆောင်တချို့ရဲ့မဆင်မခြင်အပြောကြောင့် ကိုးရီးယားဆိုတာ အမေရိကန်အတွက် အရေးမပါလို့ ဝင်မပါလောက်ဘူး ထင်တာနဲ့ ဆိုဗီယက်ဆီက လက်နက်တွေအားကိုးနဲ့ နှစ်နိုင်ငံပိုင်းခြားထားတဲ့ ၃၈ မျဉ်းပြိုင်ကို စကျူးကျော်ဝင်ရောက်လာတာပါပဲ။ အဲဒီအချိန်မှာ မက်အာသာက ဂျပန်မှာ မဟာမိတ်တပ်ပေါင်းစုဗိုလ်ချုပ်ကြီးအနေနဲ့ ရှိနေတာ၊ အသက် ၇၁ နှစ်နဲ့ ဗိုလ်ချုပ်အိုကြီး၊ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ကဆင်းလို့ ပထမကမ္ဘာစစ်ထဲက စစ်တိုက်လာပြီး ၁၉၃၇ မှာတော့ ပင်စင်တောင်ယူပြီးနေပြီ၊ စစ်ရိပ်တွေ သမ်းလာလို့ ၁၉၄၁ မှာ စစ်မှုပြန်ထမ်းခဲ့ရပြီး အရှေ့ဖျားဒေသရဲ့အမေရိကန်တပ်မှူး ဒု-ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ရတဲ့သူ။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တွေကိုလျှော့တွက်မိတာကော တခြားအကြောင်းတွေကြောင့်ကော အစောပိုင်းမှာအမေရိကန်တွေခံရတော့ မက်အာသာတာဝန်ယူရတဲ့ ဖိလစ်ပိုင်လည်း လက်လွတ်ခဲ့ရတယ်။ သြစတြေလျကို ဆုတ်ခဲ့ရပြီး တာဝန်ပေးချက်အရ ပစိဖိတ်ဒေသတစ်ခုလုံးရဲ့စစ်ဆင်ရေးကို တာဝန်ယူလို့ ပြန်ထိုးစစ်ဆင်ချိန်မှ အောင်မြင်မှုတွေ အကြီးအကျယ်ရခဲ့တယ်၊ ဒါနဲ့ စစ်ပြီးကထဲက ဂျပန်မှာရုံးထိုင်ရပြီး စစ်နိုင်မဟာမိတ်အဖွ့ဲဗိုလ်ချုပ်ကြီးအနေနဲ့ ဂျပန်နိုင်ငံကို ပုံစံသစ်တစ်ခုနဲ့ ပြန်တည်ဆောက်ဖို့ တာဝန်ယူခဲ့ရပြန်တယ်။ ပြောင်းဖူးရိုးဆေးတန်ကြီးကိုက်ပြီး ဂျပန်ကိုသူအုပ်ချုပ်ပုံက မထင်မှတ် လောက်အောင် သဘောထားကြီးပြီး အောင်မြင်မှုနဲ့ ထောက်ခံမှုတွေရတယ်။ အဲဒီလိုနဲ့ ခြောက်နှစ်အကြာမှာ အထက်မှာပြောသလို ကိုးရီးယားမှာလည်း ပြဿနာပေါ်ရော သမ္မတထရူးမင်းက မက်အာသာကိုပဲ တာဝန်ပေးလိုက်ပါလေရော။ အမေရိကန်တွေရဲ့ အမှတ်(၇) ရေတပ်ကြီးအပါအဝင် မဟာမိတ်တပ်ပေါင်းစုစစ်ဦးစီးချုပ်ရာထူးကော ဒေသဆိုင်ရာ ကုလသမဂ္ဂတပ်ချုပ်ရာထူးပါ ခန့်ပေးလိုက်တယ်။ မက်အာသာလည်း တောင်ကိုးရီးယားနယ်မြေက ထိန်းထားနိုင်တဲ့နေရာကနေ အခြေအနေကို တစ်ခေါက်သွားလေ့လာပြီးတာနဲ့ မြောက်ကိုးရီးယားတွေကို ရင်ဆိုင်ထိန်းချုပ်ဖို့ အမိန့်တွေ ပေးတယ်။ အခြေအနေကတော့ ဆိုးပါတယ်။ မြောက်ကိုးရီးယားတွေက ဆိုဗီယက်တွေဆီကရတဲ့ ရေမြှုပ်ဗုံးတွေကို တောင်ကိုးရီးယားဆိပ်ကမ်းအားလုံးမှာ ချထားနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မက်အာသာလည်း တိုကျိုစစ်ရုံးခန်းထဲကနေ တောင်ကိုးရီးယားကို ကယ်တင်ဖို့ အမေရိကန်တပ်အင်အားတွေထပ်တောင်းပြီး အဓိကကျတဲ့ စစ်ဆင်ရေးကြီး တစ်ရပ်ဆင်နွှဲဖို့ စီမံကိန်း ဆွဲပါတော့တယ်။ အဲဒီစစ်ဆင်ရေးကတော့ 'Operation Chromite' ပါပဲ။ လွန်ခဲ့တဲ့ခြောက်နှစ်က နော်မန်ဒီကမ်းခြေမှာ မဟာမိတ်တွေ ကမ်းတက်စစ်ဆင်ရေးနွှဲသလို နောက်တစ်ခါပြန်စွန့်စားရဦးမယ့် အခြေအနေပါ။ မက်အာသာက ပူဆန်မြို့ရဲ့မြောက်ဘက် မိုင်၁၅၀လောက်က အင်ချွန်းဆိပ်ကမ်းကနေ ကမ်းတက်တိုက်ဖို့ ရွေးလိုက်တော့ ကြည်းရေလေဗိုလ်ချုပ်တွေအားလုံး ကန့်ကွက်ကြပါတော့တယ်။ အင်ချွန်းဆိုတာ ကမ်းတက်နိုင်တဲ့ကမ်းခြေမျိုးမဟုတ်ဘဲ ဒီရေ တက်ချိန်ကလွဲလို့ ရွှံ့နွံတွေချည်း၊ ပင်လယ်ကာတံတိုင်းကြီးတွေလည်း ခံနေသေး၊ ကျောက်ဆောင်တွေကို ကတုတ်ကျင်းတူးထားတဲ့ ကျွန်းနဲ့ ပိတ်ကာနေတာမျိုးလည်း ရှိလိုက်သေး။ ကမ်းတက်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲလွန်းတဲ့ အင်ချွန်းကနေတက်မှ မြောက်ကိုးရီးယားတွေအငိုက်မိမှာဖြစ်ပြီး ဒါမှ ဆိုးလ်ကို မြန်မြန်ပြန်သိမ်းနိုင်မယ်လို့ စိတ်ကူးထားတဲ့ အဘိုးကြီးမက်အာသာက သူ့အကြံကို အများလက်ခံအောင် အကြာကြီးစည်းရုံးရတယ်။ နောက်ဆုံးတော့ သဘောတူလိုက်ကြပြီး ၁၅.၉.၁၉၅၀ မှာ 'Operation Chromite' စပါတော့တယ်။ မက်အာသာ့အမိန်နဲ့ ကုလသမဂ္ဂ အလံတော်အောက်က မဟာမိတ်စစ်သည် ၇သောင်းခွဲနဲ့ ရေတပ်သင်္ဘော ၂၆၁ စီးတို့ ပါဝင်တိုက်ခိုက်ခဲ့ပြီး အင်ချွန်းဆိပ်ကမ်းကနေ ကမ်းတက်လို့ အငိုက်ဖမ်းနိုင်တဲ့အတွက် မြောက်ကိုးရီးယားတွေ အရေးစနိမ့်ရပါတော့တယ်။ ၂၅.၉.၁၉၅၀ မှာ ဆိုးလ်မြို့ကို ပြန်သိမ်းနိုင် ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ အခုရုပ်ရှင်ကားက 'Operation Chromite' အောင်မြင်ဖို့ ကနဦးလျှို့ဝှက်လှုပ်ရှားခဲ့တဲ့ အဖြစ်တချို့အပေါ်မှာ ဇာတ်လမ်းဆင် ထားတယ်လို့ ဆိုပါတယ်။ မက်အာသာရဲ့စစ်ဆင်ရေးကြီးအောင်မြင်ဖို့ အမေရိကန်တွေနဲ့အတူ လျှို့ဝှက်စွန့်စားလှုပ်ရှားရတဲ့ တောင်ကိုးရီး ယားရေတပ်ကွန်မန်ဒိုဗိုလ်လေးအဖြစ် Lee Jung-jae က ထိပ်ဆုံးကပါဝင်ထားသတဲ့။ ကမ်းတက်စစ်ဆင်ရေးကြီးမစခင် မြောက်ကိုးရီး ယားတွေသိမ်းထားတဲ့ဘက်ကို လျှို့ဝှက်ထိုးဖေါက်ပြီး မက်အာသာသိချင်တဲ့သတင်းတွေ ထောက်လှမ်းရယူပေးရတာမျိုးပေါ့။ ကိုးရီးယား တွေ ရိုက်တဲ့ရုပ်ရှင်ဆိုတော့လည်း မက်အာသာလို သမိုင်းဝင်အထင်ကရ ဇာတ်ကောင်ကြီးပါသလို ကိုးရီးယားစစ်သားတွေကို ပိုနေရာ ပေးထားမှာပေါ့။ တကယ့်စစ်မှတ်တမ်းထဲမှာလည်း စစ်ဆင်ရေးကြီးအောင်မြင်ဖို့ လိုအပ်တဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ လှည့်စားမှုတွေ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာလိုမဟုတ်ဘဲ လျှို့ဝှက်စစ်ဆင်ရေးမှာ အမေရိကန်ရေတပ်က ဗိုလ်လေး တစ်ယောက်ခေါင်းဆောင်ခဲ့တာလို့ မှတ်တမ်းကျန်ရစ်တယ်။ ကမ်းတက်စစ်ဆင်ရေးကြီးမစခင် နှစ်ပါတ်အလိုမှာ အမေရိကန်စီအိုင်အေက ဦးစီးပြီး အမေရိကန်ရေတပ်က ဗိုလ်ယူဂျင်း-ကလပ်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးစစ်သည်တစ်စုကို အင်ချွန်းရဲ့ပါးစပ်ပေါက်လို့ ဆိုရမယ့် ယောင်ဟွန်ဒိုကို လျှို့ဝှက်စေလွှတ်ခဲ့တယ်။ အဲဒီအဖွဲ့ထဲမှာ တောင်ကိုးရီးယားရေတပ်က ဗိုလ်လေးတစ်ယောက်နဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ယောက်လည်းပါတယ်။ သူတို့အုပ်စုက လျှို့ဝှက်သွားရောက်ပြီး ဒေသခံတွေအကူအညီနဲ့ အင်ချွန်းရဲ့နောက်ဆုံး ဒီရေ အတက်အကျ၊ သောင်ပြင်အနေအထား၊ ရွှံ့နွံထူထပ်မှုနဲ့ ပင်လယ်ကာတံတိုင်းကြီးတွေအခြေအနေ အသေးစိတ်လေ့လာပြီး သတင်းပြန်ပို့ ရတယ်။ ဗိုလ်ယူဂျင်း-ကလပ်နဲ့အဖွဲ့ဟာ တာဝန်ကိုကျေကျေပြွန်ပြွန် ထမ်းဆောင်နိုင်ခဲ့သလို အခက်အခဲတွေလည်း အများကြီးတွေ့ရတယ်၊ မြောက်ကိုးရီးယားတွေက သူတို့ရောက်နေတာသိသွားပြီး ယောင်ဟွန်ဒိုကျွန်းလေးဆီ တိုက်ခိုက်ရေးလှေတွေလွှတ်ပြီး တိုက်ခိုင်းတာမျိုး အပါအဝင် တိုက်ခိုက်မှုမျိုးစုံနဲ့ တွေ့ရတယ်။ သူတို့ကိုကူညီတဲ့ ဒေသခံတွေကို မြောက်ကိုးရီးယားစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ပစ်တာမျိုးလည်း ကြုံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့ဟာ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားလို့ ၁၅.၉.၁၉၅၀ မှာ ပါလ်မီဒို ကျွန်းပေါ်က မီးပြတိုက်ကို ခလုပ်ဖွင့်ပေးနိုင်ခဲ့ပြီး ကမ်းတက်စစ်ဆင်ရေးကြီးကို ကောင်းကောင်းအထောက်အကူပြုပေးခဲ့တယ်။ ပြောရမယ်ဆိုရင် သူတို့အဖွဲ့ရဲ့တကယ့်အဖြစ်အပျက်ကိုက စွန့်စားမှုတွေ ပေးဆပ်မှုတွေ နာကျင်ကြေကွဲစရာတွေမျိုးစုံနဲ့ ရုပ်ရှင် ရိုက်လို့ အင် တန်ကောင်းတဲ့မှတ်တမ်း ကျန်ခဲ့တယ်။ ဒါကြောင့်လည်း အခုရုပ်ရှင်ထွက်လာတာဖြစ်ပြီး ဖြစ်ရပ်မှန်စစ်သမိုင်းကိုအခြေခံလို့ ပါးနပ်လိမ္မာတဲ့ဇာတ်ညွှန်းနဲ့ ကိုယ့်လူမျိုးကိုယ့်ဇာတ်ကောင်ကို အသားပေးထားမယ်လို့လည်း မကြည့်ရသေးဘဲ မှန်းဆမိတယ်။ ထုံးစံ အတိုင်း မြန်မာပြည်ကို ဟိုကော်ပီ ဒီကော်ပီတွေရောက်လာရင် အရုပ်အသံကြည်တဲ့အထိ သည်းညည်းခံစောင့်ပြီး ကြည့်ကြသေးတာပေါ့။ တကယ်တော့ ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဗိုလ်ချုပ်ကြီးမက်အာသာရဲ့ နောက်ပိုင်းအဖြစ်အပျက်တွေပါ။ အဲဒီလို တောင်ကိုးရီးယားကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မက်အာသာအတွက်အချက်မှားပြီး တရုတ်တွေနဲ့ပါထိပ်တိုက် တိုးခဲ့မိတဲ့အခြေအနေ ဖြစ်လာပါတယ်။ တရုတ်တွေကိုလျှော့တွက်ခဲ့မိပြီး တကယ်တမ်းရင်ဆိုင်ရတော့ ကုလသမဂ္ဂတပ်တွေအငိုက်မိပြီး အများကြီးသေကြေပျက်စီးခဲ့ရပါတယ်။ မက်အာသာကွပ်ကဲတဲ့ ကုလသမဂ္ဂတပ်တပ်က အမေရိကန်/တောင်ကိုးရီးယား/အင်္ဂလိပ်/ ဘယ်လ် ဂျီယံ/သြစတြေလျ/ထိုင်းစစ်သည်တွေ အတော်လေးကျဆုံးခဲ့ရတယ်။ ဒါနဲ့ မက်အာသာက တရုတ်နဲ့မြောက်ကိုးရီးယားကို အနုမြူ လက်နက်ပါသုံး ပြန်တိုက်ဖို့ တောင်းဆိုခဲ့ပါတော့တယ်။ အဲဒီအချိန်က တရုတ်နဲ့ဆိုဗီယက်က ကွန်မြူနစ်ချင်းစည်းလုံးနေချိန်မို့ တရုတ်နဲ့ တိုက်ရိုက် ရင်ဆိုင်မိရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တာမို့ အမေရိကန်အစိုးရကော ပူးတွဲစစ်ဦးစီးအဖွဲ့ကပါ သဘောမတူဘဲ မက်အာသာလုပ် ချင်တာတွေကို ကန့်သတ်ခဲ့ပါတယ်။ ဒါပေမယ့်အမေရိကန်ရဲ့စစ်သေနာပတိဖြစ်တဲ့ သမ္မတရဲ့အမိန့်ကို ဗိုလ်ချုပ်ကြီးမက်အာသာက မနာခံတဲ့အသွင်ဆောင်လာပါတယ်။ တဖြည်းဖြည်းနဲ့ သမ္မတထရူးမင်းနဲ့ မက်အာသာရဲ့သဘောကွဲမှုက ထင်ရှားလာပါတယ်။ မက်အာသာက တောင်ကိုးရီးယားကနေ မြောက်ကိုးရီးယားကိုတိုက်ထုတ်ရုံမကဘဲ မြောက်ကိုးရီးယားနယ်မြေတစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ကြိုးစားတယ်။ တရုတ်တွေကလည်း မြောက်ကိုးရီးယားဘက်ကဝင်တိုက်ရင်း အမေရိကန်တွေနဲ့ ထိပ်တိုက်ဆုံမိတော့ တရုတ်ကိုပါတိုက်ဖို့ မက်အာသာကပြောတယ်။ စစ်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကွဲပြားတာမျိုးလည်း ဖြစ်ပေမယ့် မက်အာသာရဲ့အမြင်ကို တခြားအမေရိကန်ဗိုလ်ချုပ်ကြီးတွေကပါ သဘောမတူကြပါဘူး။ နောက်ဆုံးတော့ သမ္မတထရူးမင်းဟာ ပူးတွဲစစ်ဦးစီးအဖွဲ့နဲ့တိုင်ပင်ပြီး မက်အာသာကို တာဝန်တွေရုပ်သိမ်း ရာထူးတွေကဖြုတ်လို့ အမေရိကန်ကို ပြန်ခေါ်လိုက်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စစ်သက် ၅၂ နှစ် အမှုထမ်းခဲ့တဲ့ စစ်သားအိုကြီး မက်အာသာပြည်တော်ပြန်လာတာကို သူ့ကိုလေးစားတဲ့ပြည်သူ တွေနဲ့ လွှတ်တော်ကပါ တခမ်းတနားကြိုဆိုခဲ့တယ်။ လွှတ်တော်မှာ မက်အာသာက " စစ်သည်အိုဆိုတာ သေရိုးမရှိ၊ မှေးမှိန်ပျောက်ကွယ် သွားရိုးသာရှိတယ်" လို့ပြောရင်း သူ့စစ်မှုထမ်းဘဝကို နှုတ်ဆက်လိုက်ပါတယ်။ ဒီ့နောက် သူဟာ ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်အနေနဲ့ အစိုးရကိုဆက်ဝေဖန်ပေမယ့် အငြိုးအာဃာတနဲ့ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ သူ့သဘောထားကိုလက်ခံလာအောင် ကြိုးစားတာပါ၊ ဒါပေမယ့် မက်အာသာရဲ့စိတ်ကူးကို ထောက်ခံသူတော့ နည်းပါးခဲ့ပါတယ်။ ကိုးရီးယားစစ်ပွဲလည်း ရပ်ဆိုင်းသွားပြီး မြောက်ကိုးရီးယားတွေ မကျူးကျော်ခင်က အနေအထားအတိုင်း ၃၈ မျဉ်းပြိုင်တစ်ဘက်ဆီမှာ နိုင်ငံနှစ်ခုအဖြစ် ဆက်ကွဲနေခဲ့ပါတယ်။ မက်အာသာဟာ နောက်တော့ သူ့ကိုလေးစားတဲ့ ရီမင်တန်ရန်းကုမ္ပဏီရဲ့ ဥက္ကဌတာဝန်ယူခဲ့ရင်း ၁၉၆၄ မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ နေမကောင်းအတော်ဖြစ်လာကထဲက မှာစရာရှိတာတွေမှာကြားခဲ့တဲ့အထဲ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ကို သွားပြီး ပြောခဲ့တဲ့မိန့်ခွန်းတွေလည်း ထင်ရှားကျန်ရစ်ပါတယ်။ ၁၉၆၂ ခုနှစ်ထဲမှာ ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောရာမှာ ရွေးကောက်ခံ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခမဖြစ်ဖို့ သတိပေးခဲ့ပါတယ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ရင်ဆိုင်ရမယ့် ပြဿနာကြီးတွေကို စစ်ရေးအရချည်းဖြေရှင်းဖို့၊ ကိုယ့်သဘောနဲ့ကိုယ် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမပြုဖို့ မှာတမ်းခြွေခဲ့ပြီး စစ်သားတစ်ယောက်ရဲ့တာဝန်၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံကို အလေးထားဖို့ တိုက်တွန်းခဲ့ပါတယ်။ သူ့ကိုယ်တွေ့နဲ့ ဆင်ခြင်သုံးသပ်ပြောသွားခဲ့ပုံ ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးမှာပဲဖြစ်ဖြစ် မြန်မာပြည်မှာပဲဖြစ်ဖြစ် ရှုပ်ထွေးနက်နဲလှတဲ့ အရေးအရာတွေ ပြဿနာတွေကိုဖြေရှင်းဖို့ နိုင်ငံရေးသမားကလည်း နိုင်ငံရေးအမြင်၊ စစ်သားကလည်း စစ်သားအမြင် အသီးသီး ကိုယ့်အမြင်ကိုယ်အလေးကဲပြီး ချဉ်းကပ်ကြ ငြင်းခုန်ကြတာမျိုး မြင်တိုင်း ကြားတိုင်း စစ်သားအိုကြီး မက်အာသာကို ပြေးသတိရမိတာတော့ အမှန်ပါ။ နောက်ဆုံး အဆုံးအဖြတ်က ဘယ်သူ့ပေါ် မူတည်တယ်ဆိုတာလည်း ကမ္ဘာ့စူပါပါဝါကြီးက သက်သေပြခဲ့တာ ကြာခဲ့ပါပေါ့လား..။ ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Lin Htet ဖြစ်ပါတယ်