သင်မြင်ဖူးနေကျ၊ ကြည့်ဖူးခဲ့သမျှ horror ရုပ်ရှင်တွေကို ခဏမေ့ထားခဲ့ဖို့လိုပါမယ်
Midsommar ကို horror ရုပ်ရှင်တစ်ခုရယ်လို့ခေါင်းစဉ်တပ်ထားပေမဲ့ jump scares လုံးဝမပါခဲ့ဘူး။ ပြောရရင်ညအမှောင်ခန်းတောင် ခဏတဖြုတ်တစ်ခန်းနှစ်ခန်းထက်ပိုမပါခဲ့ဘူး။ လင်းထင်းနေပြီး တကယ်ကိုလှလွန်းတဲ့ Sweden ရွာလေးတစ်ရွာမှာပဲဖြစ်ပျက်သွားတာ။ ဒါဖြင့် ဘာကကြောက်စရာကောင်းတာလဲဆိုရင် ဒီဇာတ်လမ်းဟာကြောက်စရာကောင်းတဲ့ဇာတ်လမ်းမျိုးလားဆိုတာကိုတောင်ကျွန်တော်ပြန်စဉ်းစားရလိမ့်မယ်။
Midsommar ဟာ မနှစ်က Hereditary နဲ့ပွဲထွက်ခဲ့တဲ့ ဒါရိုက်တာ Ari Aster ရဲ့ဒုတိယမြောက်လက်ရာပါ။ Hereditary နဲ့ တူတာတွေရှိသလို မတူတာတွေလဲများတယ်။ တူတာကတော့ slow ဖြစ်တဲ့ဇာတ်လမ်းသွားပုံစံနဲ့ မိသားစုရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် trauma ဝင်ထားတဲ့ main character လို့ပြောလို့ရမယ်ထင်တယ်။ သင်ဟာ Hereditary ကိုမကြိုက်ခဲ့ဘူးဆိုရင်ဒီကားကိုလဲသဘောကျမိလိမ့်မယ်မထင်ဘူး။
မြင်ဖူးနေကျရုပ်ရှင်တွေဟာ အရာဝတ္ထုတွေ အသံတွေနဲ့ခြောက်လှန့်တဲ့ပုံစံမျိုးဆိုရင် Midsommar ဟာ လှပလွန်းတဲ့နေရာ၊ ဒေသခံတွေရဲ့ရိုးရာဂီတ၊ ပွဲတော်တွေကြားမှာ မသိခြင်းတွေနဲ့ သံသယတွေကဒီကားမှာခြောက်ခြားစရာအကောင်းဆုံးဖြစ်နေလိမ့်မယ်၊ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာတိတ်ဆိတ်နေမှုတွေဟာတော်တော်လေးနေရာယူတယ်။ highlight လုပ်ချီးကျူးရမှာကတော့ မင်းသမီး Florence Pugh ပါပဲ။ သူ့ရဲ့စိတ်ခံစားချက်တွေကဒီကားရဲ့အရေးပါတဲ့နေရာမှာရှိတယ်။ ဒါကိုစကားလုံးတွေအများကြီးမပြောသွားဘဲသူ့မျက်လုံးတွေကနေ သူ့ရဲ့ emotion တွေကိုမြင်နေရတယ်။ Aster ရဲ့ visual storytelling၊ တကယ်ကိုလှလွန်းတဲ့ cinematography တွေနဲ့ပေါင်းစပ်သွားတဲ့အခါ ကြည့်နေတဲ့သူကိုပါဇာတ်ကောင်နဲ့အတူမွန်းကျပ်စေခဲ့တယ်။ ရုပ်ရှင်တစ်ကားရဲ့အဆုံးသတ်ဟာ ဇာတ်လမ်းတစ်ခုရဲ့အဖြေဖြစ်မယ်ဆိုရင် Midsommar ရဲ့ဇာတ်သိမ်းဟာသင့်ကိုမေးခွန်းတွေပဲပိုများစေမှာပါ။
ပြောရရင် Midsommar ဟာတကယ်ကို artistic ဖြစ်ပြီးလှပလွန်းတဲ့အနုပညာဖန်တီးမှုတစ်ခု၊ တစ်ဆက်တည်းမှာပဲအဲဒီ့လှပမှုဟာခြောက်ခြားဖို့ကောင်းနေတာမျိုး။ ဘယ်လိုကားမျိုးလဲမေးလာရင်ဖြေဖို့စကားလုံးတော်တော်ရှာရခက်ပါတယ်။ weird ဖြစ်တယ် bizarre ဖြစ်တယ်ပဲပြောရမှာပေါ့၊ ကြည့်တဲ့သူကိုတော်တော်လေးစိတ်မသက်မသာဖြစ်စေတယ်။ စိတ်မသတီဖြစ်စေတာမျိုး၊ weird but good ပေါ့၊ ဒီလိုသာပြောတာ ငါကြည့်တော့လဲကြောင်တောင်တောင်ကားပါကွာလို့ပြောလာရင်လဲ ပြန်ငြင်းနေမိမှာမဟုတ်ဘူး၊ တကယ်လဲကြောင်တောင်တောင်နိုင်လွန်းတာကိုး။ သေချာတာကတော့စိတ်ပြေလက်ပျောက်ကြည့်လို့ကောင်းတဲ့ကားမျိုးတော့မဟုတ်ဘူး။ တစ်ချိန်လုံးသင့်စိတ်ထဲ "ဘာတွေဖြစ်နေတာလဲ" ဆိုတဲ့မေးခွန်းတွေပဲပြည့်နေစေမှာပါ။ ရုပ်ရှင်တစ်ကားဆိုတာထက် ဒါရိုက်တာ Ari Aster တစ်ယောက်ပညာတွေပြသွားတဲ့ piece of art သက်သက်လို့တောင်ဆိုရမယ်။ ရုပ်ရှင်မှာသုံးသွားတဲ့ metaphor တွေ symbolism တွေကိုနားလည်ဖို့ကတော့မလွယ်ဘူး၊ ကျွန်တော်ကတော့နားလည်ဖို့လဲကြိုးစားနေမိမယ်မထင်ဘူး၊ နားလည်ဖို့မလိုဘူးလို့ယူဆထားလို့ပဲ။ Midsommar ဟာ တစ်ကယ်နားထောင်ကောင်းတဲ့၊ သာယာနာပျော်ဖွယ်ကောင်းတဲ့ အိပ်ရာဝင်တေးတစ်ပုဒ်လို့ဆိုမယ်ဆိုရင်တောင် အဆုံးသတ်မှာအိပ်မက်ဆိုးတွေပဲယူဆောင်လာမဲ့ တေးသွားတစ်ပုဒ်ပါ။